မြိတ်၊ အောက်တိုဘာ ၃
တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
အင်အားဆယ်ချီဝန်းကျင်နဲ့ တပ်စွဲထားတဲ့ တုံးဗျောကြီးကျေးရွာလမ်းဆုံရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား သုံးဦး သေဆုံးခဲ့ပြီး တော်လှန်ရေးမဟာ မိတ်ပူးပေါင်းတပ်တွေဘက်က အထိအခိုက် မရှိဘူးလို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တုံးဗျောကြီးစခန်း တိုက်ခိုက်ခံရတာကြောင့် အဲဒီနေ့မှာပဲ စစ်ကော်မရှင်တပ်က အင်အားအများအပြားနဲ့ ထပ်မံဖြည့်တင်းခဲ့ကာ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်မားနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကလည်း မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့ တုံးဗျောကြီးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

