ရေး၊ စက်တင်ဘာ ၂၈
မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း လမ်းပြလူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ဟာ ပြန်လည်လွတ်မြောက်ရေးအတွက် ငွေကျပ် သိန်းနဲ့ချီ ပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ရဲ့ အင်အား ၃၀၀ လောက်ပါတဲ့ စစ် ကြောင်းသုံးကြောင်းဟာ ရေးမြို့နယ် အဒိန်၊ ဝယ်ဟိုင်း၊ တောင်စွန်းရွာသစ်၊ ရွာကလေး၊ စုံပဒေါက်ကျေးရွာတို့ကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးခဲ့တာပါ။
အဲဒီစစ်ကြောင်းတွေ စစ်ကြောင်းထိုးချိန် အဒိန်နဲ့ဝယ်ဟိုင်းကျေးရွာအနီးရှိ ဥယျာဉ်ခြံတွေနဲ့လမ်းမှာတွေ့တဲ့ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းနဲ့လမ်းပြ လုပ်ဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
လမ်းပြလူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်း ကံလှရွာအရောက်မှာ စစ်ကြောင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ပြန်မလွှတ်ခင် မိသားစုဝင်တွေကတဆင့် ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေးအတွက် စစ်ကြောင်းက လွှဲခိုင်းတဲ့ အကောင့်တွေထဲ တစ်ဦးလျှင် ငွေကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ လွှဲပေးခဲ့ရတယ်လို့ အဒိန်ရွာခံတစ်ဦးက ပြောပါတယ်။
လမ်းပြလူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ထဲက အမျိုးသား လေးဦးထက်မနည်း ရိုက်နက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်း ပြန်ဆုတ်သွားပေမယ့် ဒေသခံတွေကတော့ စစ်ကြောင်း ထပ်ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

