လှိုင်းဘွဲ၊ စက်တင်ဘာ ၂၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လမ်းပိုင်းတွေမှာ သွားလာနေတဲ့ ကုန်ကားတွေကို စစ်ကော်မရှင်တပ် တင်းကျပ်စွာ စစ်ဆေးနေပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ဆောင်လာပါက တစ်ခါတည်း ဖမ်းဆီးသိမ်းဆည်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လှိုင်းဘွဲ-ဘားအံလမ်း၊ လှိုင်းဘွဲ-ပိုင်ကျုံ-နဘူးလမ်းနဲ့ ထီလုံ-နဘူးလမ်းတွေမှာ သွားလာနေတဲ့ ကုန် စည်တင်ဆောင်လာတဲ့ ယာဉ်တွေအပါအဝင် အိမ်စီးကားတွေကိုလည်း စစ်ကော်မရှင်တပ်က ရှာဖွေစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေပြီး ဆန်နဲ့စက်သုံးဆီတွေ သယ်ဆောင်လာပါက ဖမ်းဆီးသိမ်းဆည်းနေတာပါ။

အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ကြောင်းဖြစ်တဲ့ လှိုင်းဘွဲမြို့နယ် ထီလုံတိုက်နယ် ဘားအံ-ထီလုံ-နဘူးလမ်းပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ခမရ ၂၀၃ တပ်ရင်းဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကို ဦးတည်ဖမ်းဆီးနေတာပါ။

ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ခမရ ၂၀၃ တပ်ရင်းမှူး အမိန့်ကြောင့် ဆန်နဲ့စက်သုံးဆီတွေ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲ မရောက်ရေးအတွက် သိမ်းယူနေတာလို့ ဆိုကြပါတယ်။

ဒါပေမယ့် ကရင်နယ်ခြားစောင့်တပ် BGF ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေက စက်သုံးဆီ၊ ဆန်နဲ့ အခြားကုန်စည်တွေ သယ်ဆောင်လာပါက စစ်ကော်မရှင်တပ်က ဖမ်းဆီးမရှိဘဲ သယ်ယူခွင့်ပေးထားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကုန်ကားတွေကို ဖမ်းဆီးပြီးပါက စစ်ကော်မရှင်တပ်က အပြီးအပိုင်ဖမ်းဆီးသိမ်းဆည်းတာတွေ ရှိသလို တချို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နီးစပ်တဲ့ ကုန်ကားတွေကို ဖမ်းဆီးသိမ်းဆည်းခြင်းမပြုဘဲ ငွေကြေးအများအပြား တောင်းယူပြီး ပြန်လွှတ်ပေးတာမျိုးတွေ ရှိတယ်လို့ လက်နက်ကိုင်အဖွဲ့အစည်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါ့အပြင် လှိုင်းဘွဲမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ်အပြင် ကရင်နယ်ခြားစောင့်တပ် BGF လက်အောက်ခံ တပ်နယ် ၂ ဂိတ်တွေလည်း အရင်ကထက် ဂိတ်တွေပိုမိုချထားပြီး သွားလာနေတဲ့ ကုန်ကားတွေကို ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လှိုင်းဘွဲမြို့နယ်ဟာ မြဝတီ-ဘားအံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိပြီး လှိုင်းဘွဲမြို့နယ်နဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာ KNU အပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားလျက်ရှိနေကြတာပါ။

စစ်ကော်မရှင်လက်အောက်ခံ လှိုင်းဘွဲမြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီကတော့ လှိုင်းဘွဲမြို့နယ်ထဲမှာ ခွင့်ပြုချက်မရှိဘဲ ဆန်သယ်ယူပို့ဆောင် သိုလှောင်တာတွေကို မပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ဒေသန္တရ အမိန့်တစ်ရပ် ထုတ်ပြန်ထားလိုက်ပြီး ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိပါက အရေးယူခြင်းခံရမယ်လို့ ဆိုထားပါတယ်။

စက်တင်ဘာ ၃ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ ၂ လ သက်တမ်းရှိတဲ့ ဒီဒေသန္တရအမိန့်ကို ထုတ်ပြန်လိုက်ရတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို အထောက်အပံ့ဖြစ်စေတဲ့ ဆန်တွေကို မြို့နယ်တစ်ခုကနေ တစ်ခုကိုသို့လည်းကောင်း၊ ပြည်နယ်အတွင်းကနေ အခြားဒေသကိုလည်းကောင်း ခွင့်ပြုချက်မရှိဘဲ သယ်ယူပို့ဆောင်တာတွေကို တားမြစ်ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.