မော်လမြိုင် ၊ စက်တင်ဘာ ၂၈

မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာနဲ့ဝဲကလိကျေးရွာကြားမှာ တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွား မော်လမြိုင် ဆိပ်ကမ်းသစ် (မုဒုံ) စီမံကိန်းကို BOT စနစ်နဲ့ လုပ်ဆောင်ဖို့ စစ်ကော်မရှင်ဘက်က လေသံပြောင်းလာပါတယ်။

အရင်က မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအပြင် နိုင်ငံတကာအဆင့်မီ လေဆိပ်ကိုပါ မြေယာလျော်ကြေးပေးတာ၊ လမ်းဖောက်လုပ်တာ၊ အဆောက် အဦး ဆောက်လုပ်တာတွေကအစ နိုင်ငံတော် ဘဏ္ဍာငွေတွေနဲ့ လုပ်ဆောင်သွားမယ့်လို့ ကြွေးကြော်ထားပါတယ်။

ဒါပေမယ့် စက်တင်ဘာ ၂၆ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ မော်လမြိုင် ဆိပ်ကမ်းသစ် (မုဒုံ) ရေလမ်းကြောင်းနဲ့ကမ်းနားနယ်နမိတ် ပူးပေါင်းတိုင်းတာရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာတော့ စစ်ကော်မရှင်ဘက်က လေသံစပြောင်းလာတာပါ။

BOT စနစ်ဟာ လုပ်ငန်းရှင်တွေအနေနဲ့ စီမံကိန်းအတွက် အရင်ဆုံး ရင်းနှီးမြှုပ်နှံထားရမှာ ဖြစ်ပြီး အစိုးရက သတ်မှတ်ထားတဲ့ ကာလအတွင်း အဆောက်အဦး ငှားရမ်းခ ယူတာ၊ ဆိပ်ကမ်း အသုံးပြုခ ယူတာတွေ ရရှိမှာ ဖြစ်ကာ သတ်မှတ်ကာလ ပြီးပါက သက်ဆိုင်ရာ အစိုးရကို ပြန်လည် အပ်နှံရမယ့် စနစ်မျိုးပါ။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကော်မရှင်က BOT စနစ်နဲ့ လုပ်ဆောင်မယ်လို့ ပြောပေမယ့် ဆိပ်ကမ်းစီမံကိန်းဟာ ရေရှည်သွားရမှာ ဖြစ်တာကြောင့် နည်းပညာပိုင်းအပြင် ငွေကြေးအရင်း အနှီးတွေကအစ အခက်အခဲ ရှိနိုင်သလို မြစ်ကြောင်း အခြေအနေအရ ရေလမ်းကြောင်း ပြောင်းနိုင်တဲ့အတွက် ရေရှည် အလုပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“သူကလေ ရေရှည်သွားရတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ နည်းပညာပိုင်း ငွေကြေး အရင်းအနှီးတွေကလေ နည်းနည်းတော့ ခက်ခဲမှုတော့ ရှိလိမ့်မယ်။ သိပ်ပြီးတော့ အတိုင်းအတာ တစ်ခုထိတော့ အောင်မြင်လိမ့်မှာ မဟုတ်လောက်ဘူး။ ဒီမြစ်ကြောင်းတွေရဲ့ ကောလာတာတွေ ရေကြောင်း ပြောင်းလဲမှုတွေကို တွေ့ရတဲ့ အနေအထားအရ ခေတ္တခဏလောက် ဝန်ထမ်း လုပ်ကိုင်တဲ့သူတွေအတွက် အကျိုးအမြတ် ရှိနိုင်ပေမယ့် ရေရှည်မှာတော့ သိပ်အလုပ် ဖြစ်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံ လိုက်ပါကလည်း သင်္ဘောကြီးတွေ ဝင်ရောက်မှသာ ဆိပ်ကမ်း အသုံးပြုခ ရရှိမှာ ဖြစ်ပြီး လက်ရှိ ဒေသတွင်း အခြေအနေအရ ပို့ကုန်သွင်းကုန်တွေ မရှိတဲ့ အတွက် အရှုံးနဲ့ ရင်ဆိုင်ရဖို့သာ များတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မုဒုံမြို့အနီးမှာ နိုင်ငံတကာ အဆင့်မီ လေယာဉ်ကွင်းအသစ် စီမံကိန်း ဆောင်ရွက်လျက် ရှိသလို အခု အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တည်ဆောက်ခြင်းဖြင့် ပြည်နယ်အတွက်ရော နိုင်ငံ အတွက်ပါ အကျိုးရှိတဲ့ စီမံကိန်း တစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ ကြုံးဝါးပါတယ်။

ဒါ့အပြင် မော်လမြိုင်ဆိပ်ကမ်း ရေလမ်းကြောင်းနဲ့ ကမ်းနား နယ်နမိတ် တိုင်းတာတဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့သလို အဲဒီဆိပ်ကမ်းကို BOT စနစ်နဲ့ မြန်မြန်ဆန်ဆန် ဆောင် ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

စစ်ကော်မရှင်ဟာ အဲဒီဆိပ်ကမ်းနဲ့ လေဆိပ်စီမံကိန်းအတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး၂၀၂၅ ခုနှစ် ဩဂုတ်၁ ရက်နေ့မှာတော့ အဲဒီကော်မတီကို ပြန်လည်ဖျက်သိမ်းခဲ့တာပါ။

မော်လမြိုင်မြို့အနီး မုဒုံမြို့နယ်အတွင်း တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စီမံကိန်းနဲ့ နိုင်ငံတကာ အဆင့်မီ လေဆိပ်စီမံကိန်းအတွက် မြေဧကပေါင်း ၄၇၀၀ နီပါး အသုံးပြုသွားမယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.