နေပြည်တော် ၊ စက်တင်ဘာ ၂၈
နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ ဟောပြောခွင့်ပြုမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၅ ရက်နေ့မှာ ကြေညာပေမယ့် မပြင်ဆင်ရသေးဘူးလို့ ပါတီတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ မိမိတို့ပါတီရဲ့ မူဝါဒ သဘောထား လုပ်ငန်းစဉ် စတာတွေကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ ဟောပြောတင်ပြချက်တွေကို အောက် တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ခွင့်ပြုပေးဖို့ စီစဉ်ထားတာပါ။
မဲဆွယ်စည်းရုံးရေးအတွက် ပါတီတစ်ခုကို ဟောပြောချိန် ၁၅ မိနစ် ခွင့်ပြုပေးမှာဖြစ်ပြီး ပါတီရဲ့တေးသီချင်းတွေကို ထုတ်လွှင့်လိုရင် ခွင့်ပြုထားတဲ့ အချိန်အတွင်းမှာ ထုတ်လွှင့်ခွင့်ပြုမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ ဟောပြောစည်းရုံးမှုကို မြန်မာဘာသာနဲ့ရော တိုင်းရင်းသားဘာသာနဲ့ပါ ခွင့်ပြုပေးမှာဖြစ်ပြီး တိုင်းရင်းသားဘာသာနဲ့ ဟောပြောစည်းရုံးမယ်ဆိုရင် မြန်မာဘာသာကိုပါ ပူးတွဲတင်ပြရမှာပါ။
မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး လော လောဆယ်မှာ မစဉ်းစားရသေးဘဲ ပါတီတွင်း အစည်းအဝေးထိုင်ပြီးမှသာ ဆုံးဖြတ်နိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တကယ်လို့ မဲဆန္ဒရှင်ပြည်သူလူထုအတွက် မဲဆွယ်စည်းရုံးဖို့ လိုအပ်ရင် တိုက်ရိုက်ထိတွေ့ဆက်ဆံ ဟောပြောဖို့ အခြေအနေကြည့်ပြီး လုပ်ဖို့ ရှိမယ်လို့ သူက ဆက်ပြောပါတယ်။
“လိုအပ်လို့ရှိရင် စည်းရုံးရေးအတွက် လူထုတွေ လိုအပ်လို့ရှိရင် ကျွန်တော်တို့ လုပ်မှာပေါ့။ ဘာတွေ လိုအပ်လဲပေါ့။ ကျွန်တော်တို့ လူထုအတွက် တိုက်ရိုက်ထိတွေ့ ဆက်ဆံမယ် ဟောပြောပွဲတွေ လုပ်မယ်ဆိုလို့ရှိရင် မဲဆန္ဒရှင်အပေါ်မှာပဲ မူတည်တယ်။ သူတို့ မလိုအပ်လို့ရှိရင် ကျွန်တော်တို့က မလုပ်နိုင်ဘူးပေါ့။ အခြေအနေပေါ် ကျွန်တော်တို့ကြည့်ပြီးတော့လည်း လုပ်ဖို့ ရှိတာပေါ့။ ဒါကတော့ တထစ်ချတော့ ပြောလို့မရဘူးပေါ့” လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၇ ဦး ဝင်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတာပါ။
ရွေးကောက်ပွဲကော်မရှင်ကတော့ ပါတီရဲ့ ရုပ်/သံတေးသီချင်းတွေ ထည့်သွင်းလိုရင် သီချင်းခွေ ၂ ခွေနဲ့အတူ သီချင်းစာသားကိုပါ ပေးပို့ရမှာဖြစ်ပြီး နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ မဲဆွယ်စည်းရုံးဟောပြောမှု မပြုလုပ်လိုရင်လည်း မပြုလုပ်လိုကြောင်းကို အကြောင်းကြားစာ ပေးပို့ရမယ်လို့ ဆိုပါတယ်။
ပါတီတွေအနေနဲ့ ဟောပြောလိုရင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ ဒါမှမဟုတ် အတွင်းရေးမှူးက အောက် တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး ရွေးကောက်ပွဲကော်မရှင်ကို ဟောပြောတင်ပြလိုတဲ့ စာမူနဲ့အတူ ဟောပြာစည်းရုံးမဲ့ ပုဂ္ဂိုလ်ရဲ့ အချက်အလက်တွေကို ဖော်ပြပြီး ခွင့်ပြုမိန့် လျှောက်ထားရမယ်လို့ အသိပေးထားတာပါ။
ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မွန်ပြည်နယ် တာဝန်ခံကတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး မြေပြင်ဆင်းဖို့ အဆင်မပြေနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါကြောင့် လောလောဆယ်မှာ လုံခြုံရေးကို ထည့်တွက်ပြီး မဲဆွယ်စည်းရုံးရေးအတွက် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ ပါတီဗဟိုဥက္ကဌရဲ့ ညွှန်ကြားချက်ကိုပဲ စောင့်ဆိုင်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်ထောင်စုတဝန်းစည်းရုံးမယ့် ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅၈၄ ဦးထဲက မွန်ပြည်နယ်မှာတော့ ၁၃ ဦး အမည်စားရင်းတင်သွင်းထားတာပါ။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးကတော့ မဲဆွယ်စည်းရုံးရေးကို အရင်တုန်းကလို လူစုလူဝေးနဲ့ စည်းရုံးဖို့ ခွင့်မပြုဘူးလို့ ကြားသိရတဲ့အတွက် ဘယ်လိုလုပ်မယ်ဆိုတာ ပါတီတွင်း မတိုင်ပင်ရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ အရိပ်အယောင်လေး သတင်းကြားတာက အရင်တုန်းကလို လော်စပီကာ လော်ကြီးတွေနဲ့ အကြီးအကျယ်ဖွင့် လူထုတွေ ခေါ်တွေ့ ခေါ်ပြီး စည်းရုံးဆိုတဲ့ဟာက လုံခြုံရေးကိုလည်း ထိခိုက်နိုင်တယ်ဖြစ်တဲ့အတွက် အဲဒါကို ခွင့်မပြုဘူးလို့ အကြမ်းဖျဉ်းကြားရတာပေ့ါ။ အဲဒီတော့ အဲဒီလို ခွင့်မပြုဘူးဆိုရင် ကျွန်တော်တို့ ရိုးရိုးလေးပဲ လူနည်းနည်းနဲ့ ခေါ်ပြီးတော့ နိုင်သလောက် တစ်နိုင်တစ်ပိုင်လေး အဲဒီလောက်ပဲ လုပ်ဖို့ စဉ်းစားထားတယ်။ညှိတော့ မညှိရသေးဘူး၊ တိုင်တော့ မတိုင်ပင်ရသေးဘူး”လို့ ဆိုပါတယ်။
ပါတီအနေနဲ့ ကရင်ပြည်နယ်အတွင်း စည်းရုံးမှာဖြစ်လို့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အပါအဝင် ကျန်လွှတ်တော်သုံးရပ်စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း ၂၆ ဦး တင်သွင်းထားတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတွေကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံကနေ မဲဆွယ်စည်းရုံး ဟောပြောခွင့်ပြုဖို့ အချိန်ကာလသတ်မှတ်လာပေမယ့် မြေပြင်မှာ စည်းရုံးရေးဆင်း ဟော ပြောတာနဲ့ ပတ်သက်ပြီး ကြေညာချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပချိန်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးချိန်တွေမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စစ်ကော် မရှင်အနေနဲ့ စီစဉ်ပေးရမယ်လို့ ပြောဆိုထားတာပါ။
ဒါပေမယ့် နိုင်ငံတွင်းဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် လူစုလူဝေးနဲ့ လှည့်လည်ပြီး မဲဆွယ်စည်းရုံးဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေလို့ နိုင်ငံရေးပါတီတချို့က လက်ခံထားကြပါတယ်။
ဒီအတွက် အွန်လိုင်းဆိုရှယ်မီဒီယာတွေကနေတဆင့် မဲဆွယ်စည်းရုံးဖို့နဲ့ လုံခြုံရေးအားကောင်းပြီး ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်တဲ့ မဲဆန္ဒနယ်တွေမှာသာ မဲဆန္ဒရှင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဖို့ စဉ်းစားချက်တွေလည်း ရှိနေတာပါ။
ရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆွယ်စည်းရုံးရေးအတွက် ဟောပြောတဲ့အခါ တို့တာဝန်အရေး (၃)ပါးနဲ့ တပ်မတော်ပြိုကွဲရေးကို ထိခိုက်စေတဲ့ ဟောပြောမှုနဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေအောင် ဟောပြောမှုတွေကို တားမြစ်ထားပါတယ်။
ဒါ့အပြင် လူမျိုးရေး ဘာသာရေး ဒါမှမဟုတ် လူအများနဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ ဟောပြောမှုနဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြအောင် သွေးထိုးလှုံ့ဆော် ဟောပြာမှု စတဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်မှု မပြုလုပ်ရဘူးလို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MUP

