ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉

စက်တင်ဘာ ၁၇ ရက်က ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံ လွှတ်တော်များ ညီလာခံ AIPA မှာ အင်ဒိုနီးရှား လွှတ်တော် အမတ်တွေက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ အားကောင်းကောင်းနဲ့ ပို့ဆောင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အာဆီယံ အလုံးစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတပ်ဦးက လွှတ်တော်များ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အဲဒီ ညီလာခံကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ တရားဝင် ကျင်းပနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးပို့မှု အားကောင်းအောင် လုပ်ဆောင်ဖို့ အဆိုပြုချက်ကို AIPA ရဲ့ အမှုဆောင်ကော်မတီ အစည်းအဝေးမှာ မိတ်ဆက်ခဲ့ပြီး ဖြစ်တယ်လို့ အာဆီယံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အကြီးအကဲ မာဒါနီ အလီ ဆီရာက ကြေညာချက်ထဲ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပိုမို ပေးအပ်ရေး အဆိုပြုချက်ကို AIPA ရဲ့ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ ကော်မတီတွေမှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

မြန်မာ့ ပြဿနာအတွက် အာဆီယံက တစ်စုတစည်းတည်း အရေးတကြီး အရေးယူဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အကြီးအကဲ မာဒါနီက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြည်တွင်းစစ် ဖြစ်နေချိန်မှာ ငလျင်ဘေးနဲ့ ကြုံရတာကြောင့် အခြေအနေ ပိုဆိုးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာ့ပြဿနာကြောင့် အင်ဒိုနီးရှားလည်း ထိခိုက်မှုတွေ ရှိနေတဲ့အတွက် အာဆီယံက လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့ အရေးကြီးကြောင်းလည်း မာဒါနီက ဆိုတာပါ။

အာဆီယံက စစ်ခေါင်းဆောင်တွေ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ နေပြည်တော်သို့ စက်တင်ဘာ ၁၉ ရက်မှာ လာရောက်ဖို့ ကနဦး စီစဉ်ထားခဲ့ပေမယ့် အောက်တိုဘာ လဆန်းပိုင်းအထိ နောက်ဆုတ်ထားပါတယ်။

အဲဒီလို ခရီးစဉ် နောက်ဆုတ်လိုက်ရတဲ့ အကြောင်းအရင်းကိုတော့ အာဆီယံ ဥက္ကဋ္ဌ မလေးရှားက ဖော်ပြမထားပါဘူး။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နေပြည်တော် ခရီးစဉ်မှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref:Antaranews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.