နေပြည်တော် ၊ စက်တင်ဘာ ၁၉

စစ်ကောင်စီကနေ အသွင်ပြောင်းထားတဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအပြင် နိုင်ငံ တော်နဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အပါအဝင် CRPH နဲ့ NUCC တို့က စက်တင်ဘာ ၁၈ ရက်နေ့မှာ ပူးတွဲ ကြေညာပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်နဲ့ပတ်သက်ပြီး အမျိုးသားညီ ညွတ်‌ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ ကြေညာချက် ထုတ်ပြန်လာတာပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ ခေါ်တဲ့ စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ရဲ့ လက်အောက်ခံအဖွဲ့အစည်းကလည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

NUCC အဖွဲ့ဝင် ဒေါ်နှင်းနှင်းမွှေးက စစ်အုပ်စုက လက်ရှိမှာ ရွေးကောက်ပွဲကနေ တရားဝင်မှုရဖို့ ကြိုးစားနေမှုအပေါ် လူထုထောက်ခံမှုမရှိသလို တရားဝင်မှု မရှိကြောင်း ထပ်မံထုတ်ပြန်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုအခါမှာ စစ်အုပ်စုကနေပြီး ပိုမိုပြီးတော့ ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်နေတာကို တွေ့ရတယ်။ ဒီအပြင်ကို သူတို့ရဲ့ အာဏာတရားဝင်မှု တစ်စုံတစ်ရာရရှိနိုင်ရေးအတွက်ဆိုပြီး ရည်ရွယ်ပြီးတော့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ကျင်းပနိုင်ဖို့ ကြိုး စားလျက်ရှိတယ်။ သူတို့ ဘယ်လိုတွေပဲ ကြိုးစား‌ဆောင်ရွက်နေသည်ဖြစ်စေ ကျွန်မတို့ကတော့ ပြည်သူလူထုထောက်ခံမှုမရှိတဲ့ ဒီစစ်အုပ်စု တရားဝင်မှုမရှိတဲ့ ဒီစစ်အုပ်စုက အကြမ်းဖက်စစ်အုပ်စုသာလျှင် ဖြစ်တယ်။တရားဝင်မှု တစ်စုံတစ်ရာ မရှိဘူးဆိုတဲ့ဟာကိုလည်း ကျွန်မတို့ အတိအလင်း ထုတ်ပြန်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ဒီဇင် ဘာနှောင်းပိုင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ကြားဖို့ စီစဉ်နေတာပါ။

ဒီအပေါ် ပူးတွဲကြေညာချက်မှာတော့ စစ်ကော်မရှင်လို့ခေါ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာ ယာရေးကော်မရှင်နဲ့ သူ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေအားလုံးရဲ့ လုပ်ဆောင်ချက်မှန်သမျှကလည်း တရားဝင်မှုမရှိဘူးလို့ ထည့်သွင်းဖော်ပြပါတယ်။

ဒါကြောင့် သူတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပူးတွဲကြေညာချက်ကနေတဆင့် အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြည်တွင်းသာမက နိုင်ငံတကာတရားစီရင်ရေးမှာလည်း စစ်အုပ်စုကျူးလွန်နေတဲ့ ပြစ်မှုတွေကို မှတ်တမ်းရယူပြီး တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်တွင်းတရားဥပဒေအရ တရားစီရင်ရေးအရ တရားစီရင်ဆောင်ရွက်မယ့် ကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးအရဆိုရင်တော့ အကြမ်းဖက် စစ်အုပ်စုဘက်က ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ စတဲ့ ဒီလိုပြစ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်းလေ့လာစောင့်ကြည့် မှတ်တမ်းရယူ နောက်ပြီးတော့ သက်သေစုဆောင်းပြီး နိုင်ငံတကာတရားစွဲအဖွဲ့အစည်းတွေကို အချက်အလက်တွေ ပို့ဆောင်ပြီး တရားစွဲဆိုနိုင်ရေးကိစ္စကိုလည်း တပြိုင်နည်တည်း ဆောင်ရွက်လျက်ရှိပါတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကို စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတာဟာ တရားမဝင် ပျက်ပြယ်ပြီးဖြစ် ကြောင်း ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တာပါ။

အဲဒီထဲမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့ ပါဝင်သလို ကရင်အမျိုးသားအစည်းအရုံး KNU ကိုလည်း စက်တင်ဘာလဆန်းပိုင်းမှာပဲ အကြမ်းဖက်အုပ်စုအဖြစ် စစ်ကော်မရှင်က ကြေညာခဲ့ပါသေးတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကိုလည်း စစ်ကောင်စီလက်ထက်မှာကတည်းက အကြမ်းဖက်အုပ်စုအဖြစ် စစ်ကော်မရှင်က ကြေညာထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးပြီး ပြည်သူ့အာဏာသိမ်းယူခဲ့မှုဟာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်တာလို့ NUG နဲ့ CRPH တို့က ဆိုပါတယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ် မတ် ၁ ရက်နေ့မှာ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် CRPH က ကြေညာခဲ့တာပါ။

NUG ကလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကို ကြေညာထားတဲ့ အကြမ်းဖက်အုပ်စုကို မြန်မာနိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့မှုအပေါ် အသွင်ပြောင်း စစ်ကော်မရှင်ကိုလည်း အလားတူ သတ်မှတ်ကြေညာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.