မော်လမြိုင်၊ စက်တင်ဘာ ၁၆

အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအပေါ် မျှော်ကိုးနေတဲ့ ပြည်တွင်းအင်အားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကျင်းပတဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောကြားစဉ် ယာယီသမ္မတက ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းအင်အားစုတချို့ဟာ အတုအယောင်ရွေးကောက်ပွဲ မှန်းသိပေမယ့် ဒါဟာ အဖြေရဲ့ လမ်းစများဖြစ်မလားဆိုပြီး မျှော်ကိုးနေတာကို တွေ့ရကြောင်းနဲ့ ဒီလို မျှော်ကိုးမှုဟာ လူထုရဲ့ ဒီမိုကရေစီအ ခွင့်အရေးအတွက်လား၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝိုင်းဝန်းချီးမြှောက်နေခြင်းလားဆိုတာလည်း မသဲမကွဲဖြစ်နေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

စစ်ကော်မရှင်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကို အတုအယောင်ရွေး ကောက်ပွဲနဲ့ ပုံမှားရိုက်ဖို့ ကြိုးစားနေကြောင်းနဲ့ လူထုကို လှည့်ဖြားတဲ့ မည်သည့်နိုင်ငံရေးလှည့်ကွက်မျိုးကိုမဆို ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးနဲ့ စစ်မှန်တဲ့ လူထုလွတ်လပ်ခွင့် အာမခံချက်ရှိရေးကို အားသွန်ကြိုးပမ်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုပါတယ်။

၂၀၂၅ ခုနှစ်ဟာ ပိုမိုအကဲဆတ်တဲ့ နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်အဖြစ် သတ်မှတ်နိုင်ပြီး ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ အနိမ့်အမြင့်၊ အတက်အကျ တွေကြားထဲမှာ ပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေတယ်လို့ ယာယီသမ္မတက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.