ထားဝယ်၊ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ပကာရီကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၃၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ ပကာရီကျေးရွာရှိ ပကာရီရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ ပကာရီနယ်မြေရဲစခန်းမှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ နာရီဝက်နီးပါးအကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ညပိုင်းမှာ ပကာရီနယ်မြေရဲစခန်းမှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်ဟာ အနီးအနားကျေးရွာတွေကို လက်နက်ကြီး အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပကာရီနဲ့ ပခတ်ကျေးရွာက ဒေသခံ ၃၅၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။
ပကာရီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ပကာရီနယ်မြေရဲစခန်းကို ကရင်အမျိုးသားကာကွယ်ရေး(KNDO ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

