နေပြည်တော် ၊ စက်တင်ဘာ ၁၆

လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်ရဲ့ မဲဆန္ဒနယ် ၁၂၁ နယ်မှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။

အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ချင်း၊ရခိုင်၊ကယားနဲ့ ရှမ်းအပါအဝင် တိုင်းဒေသကြီးတွေဖြစ်တဲ့ မန္တလေး၊စစ်ကိုင်းနဲ့ မကွေးတို့မှာရှိတဲ့ ၅၆ မြို့နယ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။

လွှတ်တော်အနေနဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်နဲ့ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP မဲဆန္ဒနယ် ၉ နယ်အပါအဝင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ပါဘူး။

မြို့နယ်အနေနဲ့ဆိုရင် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်မှာတော့ ရှမ်းက ၁၇ မြို့နယ်နဲ့ အများဆုံးဖြစ်ပြီး ရခိုင်နဲ့ စစ်ကိုင်းက ၁၀ မြို့နယ်စီ၊ မကွေးက ၅ မြို့နယ်၊ ကချင်နဲ့ ချင်းက ၄ မြို့နယ်စီ၊ ကယားနဲ့ မန္တလေးတိုင်းက ၃ မြို့နယ်စီ ပါဝင်နေတာပါ။

ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP မဲဆန္ဒနယ် ၅၆ နယ်ဟာ ပြည်သူ့လွှတ်တော်က မဲဆန္ဒနယ်နဲ့ အတူတူ ဖြစ်တဲ့အတွက် အဲဒီ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိပါဘူး။

CDM ဗိုလ်ကြီး ဇင်ယော်က အခုကြေညာထားတဲ့ မြို့နယ်တွေဟာ ရွေးကောက်ပွဲသုံးပိုင်းစလုံး လုံးဝ မလုပ်နိုင်တော့တဲ့ မြို့နယ်တွေဖြစ်သလို မာရှယ်လောကြေညာထားတဲ့ မြို့နယ်တွေကိုပါ စစ်ကော် မရှင်က လက်လျှော့လိုက်တာလို့ သုံးသပ်ပါတယ်။

“မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်သည် ၅၆ မြို့နယ်လုံးကို လုံးဝ လက်နက်ချပါတယ်။ ပြန် လည်မတိုက်နိုင်ဘူးဆိုပြီး တရားဝင် ကြေညာလိုက်တဲ့ သဘောပါ။ သူတို့ အပိုင်းသုံးပိုင်းခွဲပြီးတော့ လုပ်မယ့် ရွေးကောက်ပွဲမှာတင်ကို သုံးပိုင်းစလုံးမှာ လုံးဝ မလုပ်နိုင်တော့မယ့် မြို့နယ်လို့ပဲ ကျွန်တော်ကတော့ မှတ်ယူပါတယ်။ ပြီးရင် ပထမပိုင်းမှာ မာရှယ်လောထုတ်ထားတဲ့ ၆၂ မြို့နယ်ကို ပြန်ပြီးတော့ တည်းဖြတ်ထားတာပေါ့။ အဲဒီ ၆၂ မြို့နယ်ထဲမှာ လုံးဝ လက်လျှော့လိုက်ရတဲ့ မြို့နယ်တွေလို့ပဲ ပြောရမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP မဲဆန္ဒနယ် ၉ နယ်မှာလည်း ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပါ။

အဲဒီမဲဆန္ဒနယ်တွေထဲမှာ ကယားက ဖားဆောင်း၊ မယ်စဲ့နဲ့ ရှားတော၊ ချင်းက ပလက်ဝ၊ မတူပီနဲ့ မင်းတပ်ခရိုင်၊ ရခိုင်က မောင်တောနဲ့ မြောက်ဦးခရိုင်အပါအဝင် ရှမ်းက ပလောင်နဲ့ ကိုးကန့်တွေရဲ့ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ ပါဝင်ပါတယ်။

ဒါပေမယ့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြုစနစ် PR နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမကျင်းပမယ့် မဲဆန္ဒနယ်မြေတွေအဖြစ် ကြေ ညာချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

တစ်ဘက်မှာ အာဏာသုံးရပ်ကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တိုင်းနဲ့ ပြည်နယ် ၉ ခုမှာရှိတဲ့ မြို့နယ် ၆၂ ခုကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ အတွင်း စစ်တပ်ကို တာဝန်ပေးထားတာပါ။

လက်ရှိ ကြေညာထားတဲ့ ရွေးကောက်ပွဲမကျင်းပတဲ့ မဲဆန္ဒနယ်တွေထဲမှာ စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ ကြေညာထားတဲ့ ၆၂ မြို့နယ်ထဲက ၄၈ မြို့နယ်အထိ ပါဝင်ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနဲ့ နားဖန်းမြို့နယ်တွေကိုလည်း ရွေးကောက်ပွဲ မကျင်းပမယ့် စာရင်းထဲ ထည့်ထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမကျင်းပတဲ့ ၅၆ မြို့နယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ စစ်ကော်မရှင်ရဲ့ စစ်ရှုံးနယ်မြေအဖြစ် ကြေညာတာလို့ CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြပါတယ်။

“၅၆ မြို့နယ်လုံးသည် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း စစ်တပ် လုံးဝရှုံးသွားပြီ။ တနည်းပြောရရင် ရွေးကောက်ပွဲအလွန်မှာ ကျန်နေခဲ့တဲ့ စစ်တပ်က တရားဝင်တာ ဖြစ်ဖြစ် တရားမဝင်တာ ဖြစ်ဖြစ် အရပ်သားအစိုးရရယ် နောက်တက်လာမယ့် စတုတ္တမျိုးဆက် စစ်တပ်ရယ် ဆက်တိုက်ရမယ့် ၅၆ မြို့နယ်ဆိုပြီး နောက်တက်လာမယ့် တပ်ချုပ်ရယ် သူ (မအလ) ပါရင်လည်း ပါမယ် မပါရင်လည်း မပါဘူး၊ အစိုးရရယ် ဒီ ၅၆ မြို့နယ်ကတော့ ခင်ဗျားတို့ ဆက်ပြီးတော့ ရှင်းဆိုတဲ့ ပုံစံမျိုးနဲ့ မနိုင်မနင်းပုံစံနဲ့ အစိုးရသစ်ဖွဲ့လာရင်တောင် ထားခဲ့ရတဲ့ အနေအထားမျိုး၊ အသားတင် စစ်ရှုံးနယ်မြေ ၅၆ မြို့နယ် ရှိတယ်လို့ ကြေညာသွားတယ်လို့ပဲ ကျွန်တော်တို့က ပြောရမှာ ဖြစ်တယ်”လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတဲ့ မဲဆန္ဒနယ်မြေတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မ တော် PDF အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIA ၊ အာရက္ခတပ်တော် AA ၊ ကရင်နီတပ်ပေါင်းစုတွေ ၊ ချင်းတော်လှန်ရေးတပ်တွေနဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ ထိန်းချုပ်ထားတဲ့ မြို့တွေ အများဆုံး ပါဝင်နေတာပါ။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုရှိတဲ့ထဲမှာ ၁၀ မြို့နယ်ကိုသာ ရွေးကောက်ပွဲမကျင်းပမယ့် မဲဆန္ဒနယ်တွေအဖြစ် ကြေညာထားပြီး ကျန်တဲ့ သံတွဲ၊ ဂွ၊ အမ်းနဲ့ တောင်ကုတ်မြို့နယ်တွေကို ချန်လှပ်ထားပါတယ်။

အပိုင်း ၁ အထွေထွေရွေးကောက်ပွဲမှာ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာသာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပေမယ့် AA ထိန်းချုပ်နယ်မြေထဲက မြို့နယ်လေးခုမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့် သဘောမျိုး သက်ရောက်နေတာပါ။

အလားတူ ချင်းပြည်နယ်က တီးတိန်နဲ့ ဟားခါးမြို့နယ်မှာသာ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်စာရင်းထဲ ထည့်သွင်းထားပေမယ့် ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ထန်တလန်၊တွန်းဇံနဲ့ ဖလမ်းမြို့နယ်တွေမှာလည်း ရွေးကောက်ပွဲကျင်းပမယ့် သဘောမှာ ရှိနေပါတယ်။

အကြောင်းရင်းကတော့ ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ ခုရှိတဲ့ထဲက လေးမြို့နယ်ကိုသာ ရွေးကောက်ပွဲမကျင်းပတဲ့ မဲဆန္ဒနယ်မြေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက ထန်တလန်နဲ့ တွန်းဇံက စစ်ဘေးရှောင်ဒေသခံတွေ သွားရောက်ခိုလှုံနေတဲ့ ဟားခါးနဲ့ တီးတိန်မြို့ပေါ်မှာ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲဖွင့်ပြီး ဆန္ဒမဲထည့်ခိုင်းမယ့် သဘောလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ရည်မှန်းထားတဲ့ တွန်းဇံ၊ ထန်တလန်နဲ့ ဖလမ်းတို့ဆိုတာက စစ်ကောင်စီတပ်စခန်းတွေ ရှိနေသေးတဲ့ ဟားခါးနဲ့ တီးတိန်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေ ဖြစ်တယ်။ ဥပမာ အခု ထန်တလန်မြို့နယ်ရဲ့ ရုံးခွဲတွေကို ဟားခါးမှာ အကုန်ထားတယ်၊ နောက် ပြီး တွန်းဇံမြို့နယ်ရဲ့ ရုံးခွဲတွေကို တီးတိန်မြို့ပေါ်မှာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ ထားတာပေါ့။ အဲဒါကြောင့် ထန်တလန်မှာ (ရွေးကောက်ပွဲ) လုပ်ချင်တယ်ဆိုရင် ဟားခါးမှာပဲ လုပ်သွားမှာ။ ဟားခါးမှာ စစ်ဘေးရှောင်တဲ့ ထန်တလန်နယ်သားတွေကို မဲထည့်ခိုင်းမှာပေါ့။ ထိုနည်းလည်းကောင်းပဲ တီးတိန်မြို့ပေါ်မှာ စစ်ဘေးရှောင်နေတဲ့ တွန်းဇံဒေသခံတွေကို အဲဒီလို လုပ်သွားမှာပေါ့။ မြေပြင်မှာတော့ ဘယ်လိုမှ လုပ်လို့ရမှာ မဟုတ်ဘူး။အဲဒါကြောင့် ကျွန်တော်တို့ မသိမ်းနိုင်သေးတဲ့ ဟားခါးနဲ့ တီးတိန်မှာ တွန်းဇံအတွက် ထန်တလန်အတွက် လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ချင်းအမျိုးသားတပ်ဦး CNF အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တဲ့ အရာမှန်သမျှကို ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်လို့ ယုံကြည်ချက်အတိုင်း အ တတ်နိုင်ဆုံး ဆန့်ကျင်သွားမယ်လို့ သူက မှတ်ချက်ပြုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အပါ အဝင် စနစ်နှစ်ခု ပေါင်းထားတဲ့ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ် တော်မှာ မဲဆန္ဒနယ် ၆၈၃ နယ် နဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတာပါ။

ဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ တစ်သီးပုဂ္ဂလတွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ ဒနယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ရက်ကို စက်တင်ဘာ ၂၂ ရက်နေ့ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်တိုးမြင့်ပေးထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.