ဂျကာတာ၊ စက်တင်ဘာ ၉

လွှတ်တော် အမတ်တွေရဲ့ အကျိုးခံစားခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတဝှမ်း ဆိုးဆိုးရွားရွား ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုက အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အပြောင်းအလဲ ပြုလုပ်ကြောင်း စက်တင်ဘာ ၈ ရက် ကြေညာပါတယ်။

နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဘူဒီ ဂူနာဝမ် အပြင် ကမ္ဘာ့ဘဏ်ရဲ့ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးဟောင်း တစ်ယောက် ဖြစ်ပြီး လူအများလေးစားတဲ့ ပညာရှင် ဘဏ္ဍာရေး ဝန်ကြီး ဆီရီ မူလ်ယာနီ အပါအဝင် ဝန်ကြီး ၅ ဦး ရာထူးနေရာတွေ ဆုံးရှုံးခဲ့ရပါတယ်။

ဆီရီ မူလ်ယာနီရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံရတဲ့ စီးပွားရေး ပညာရှင် ပါဘာယာ ယူဒီ ဆဒါဝါဟာ ချက်ချင်းပဲ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ပါဘာယာဟာ ၂၀၂၀ ကတည်းက အင်ဒိုနီးရှား အပ်ငွေ အာမခံ ကော်ပိုရေးရှင်းရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင်က သူဟာ အဏ္ဏဝါနဲ့ ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာန လက်ထောက် ဝန်ကြီး ရာထူး အပါအဝင် ဝန်ကြီးဌာနတွေ အများကြီးမှာ ရာထူးအမျိုးမျိုး တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ပါဒူး တက္ကသိုလ်က စီးပွားရေး ပညာဆိုင်ရာ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့ရထားသူ ပါဘာယာက သူ့အနေနဲ့ စီးပွားရေး အားကောင်းလာစေနိုင်တဲ့ နည်းလမ်းတွေ ရှာဖွေသွားမှာ ဖြစ်ပြီး နိုင်ငံ့ စီးပွားရေး ၈ ရာခိုင်နှုန်း ဖွံ့ဖြိုးဖို့က မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် သတင်းထောက်တွေကို ပြောကြားပါတယ်။

ဘူဒီရဲ့ ရာထူးနေရာမှာ အစားထိုးမယ့် လူကိုတော့ မကြေညာသေးဘူးလို့ အင်ဒိုနီးရှား Antara သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရပါတယ်။

ထုတ်ပယ်ခံရတဲ့အထဲ အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်ရေးဆိုင်ရာ ဝန်ကြီး ၊လူငယ်နဲ့ အားကစားဝန်ကြီး၊ အသေးစားလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့လည်း ပါဝင်ပါတယ်။

ဆီရီ မူလ်ယာနီဟာ အင်ဒိုနီရှားရဲ့ ရာထူး သက်တမ်း အရှည်ကြာဆုံး ဘဏ္ဍာရေး ဝန်ကြီးတွေထဲက တစ်ယောက် ဖြစ်ပြီး သမ္မတ ၃ ယောက် လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သြဂုတ်လ နှောင်းပိုင်းက ဆန္ဒပြပွဲတွေအတွင်း မြို့တော် ဂျကာတာနဲ့ ကပ်လျက် တောင် တန်းဂါးရန်းမြို့ရှိ ဆီရီ မူလ်ယာနီရဲ့ နေအိမ် ချိုးဖောက် လုယက်ခံခဲ့ရပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.