ဘန်ကောက်၊ စက်တင်ဘာ ၉
ဘီလျံနာ သူဌေးကြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ သူ့ရဲ့ ထောင်ဒဏ်ကို ဆေးရုံတစ်ခုရဲ့ VIP အဆောင်မှာ ကျော်လွန် ဖြတ်သန်းခဲ့တာကြောင့် သူ့အနေနဲ့ ထောင်ဒဏ် တစ် နှစ် ကျခံရမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံတော်တရားရုံးက စက်တင်ဘာ ၉ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်ပမှာ နှစ်များစွာကြာ တိမ်းရှောင်နေခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ အကျင့်ပျက် ခြစားမှု၊ အာဏာ အလွဲသုံးစားမှုနဲ့ ထောင် ၈ နှစ် ချမှတ်ခံခဲ့ရတာပါ။

ဒါပေမဲ့ သူဟာ ထောင်ထဲမှာ တစ်ညမှတောင် မနေခဲ့ရဘဲ နာရီ အနည်းငယ်လောက် ဖမ်းဆီးခံရပြီးနောက် နှလုံး ပြဿနာ၊ ရင်ဘတ်နာကျင်မှု ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘန်ကောက်မြို့ရှိ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံ သီးသန့်ခန်းဆီသို့ လွှဲပြောင်းခံခဲ့ရပါတယ်။
ဒါကြောင့်ပဲ ကျယ်ပြန့်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီး အများပြည်သူ ဒေါသထွက်ခဲ့ကြပါတယ်။

အကျိုးစီးပွား ပဋိပက္ခတွေနဲ့ အကျင့်ပျက် ခြစားမှုတို့အတွက် ချမှတ်ခံရတဲ့ သူ့ရဲ့ ပြစ်ဒဏ်ကို ဘုရင်က တစ် နှစ်သို့ လျှော့ချပေးခဲ့ပြီး သက်ဆင်ဟာ ၆ လ အကြာမှာ အာမခံနဲ့ ပြန်လွတ်လာတာကြောင့် သူဟာ ဆေးရုံမှာပဲ အေးအေးဆေးဆေး နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဆေးရုံကို ပို့ဆောင်မှုဟာ တရားမဝင်ဘဲ သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ အရေးပေါ် မဟုတ်တာကို တရားခံက သိရှိထားပြီး ဆေးရုံမှာ နေထိုင်ခဲ့တဲ့ ကာလကို ထောင်ကျခံရတာလို့ သတ်မှတ်လို့ မရကြောင်း ထိုင်းနိုင်ငံတော် တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မိမိအနေနဲ့ လက်ခံတယ်လို့ သက်ဆင်က ပြောကြားခဲ့ပြီး သူ့ကို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
တရားရုံးရဲ့ ပြင်ပမှာ သူ့ရဲ့ သမီး ဝန်ကြီးချုပ်ဟောင်း ပေသွန်ထန်က သက်ဆင်ဟာ နိုင်ငံအတွက် ကောင်းရာကောင်းကျိုးတွေ အများကြီး ဆောင်ရွက်ခဲ့ပြီးနောက် ထောင်ချခံရတဲ့ ပထမဆုံး ထိုင်းဝန်ကြီးချုပ် ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ပေသွန်ထန် ကိုယ်တိုင်ဟာလည်း ကျင့်ဝတ်ပိုင်း ချိုးဖောက်မှုနဲ့ တရားရုံးရဲ့ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်ပသို့ ထွက်ခွာသွားခဲ့ပြီးနောက် နောက်ထပ် တစ်ခါ ရှောင်ပြေးပြီ ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပေမယ့် စက်တင်ဘာ ၈ ရက်က မိခင်နိုင်ငံသို့ ပြန်ရောက်လာပြီးနောက် အခုလို ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
သက်ဆင်က သူ့အနေနဲ့ ဆေးကုသဖို့ စင်ကာပူသို့ သွားရောက်ခဲ့တာ ဖြစ်ပေမယ့် လေဆိပ် ပိတ်ထားတာကြောင့် ဒူဘိုင်းသို့ သွားရောက်ခဲ့တာ ဖြစ်တယ်လို့ လူမှုမီဒီယာမှာ ရေးသား ဖော်ပြပါတယ်။
Ref:Agencies/CNA

