ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရင် တုံ့ပြန်မှုတွေရှိလာလိမ့်မယ်လို့ အစ္စရေး သတိပေး

ဂျေရုစလင်၊ စက်တင်ဘာ ၈

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေး နိုင်ငံပေါင်း တစ်ရာရဲ့ မကြာသေးခင်က တွန်းအားပေး ဆောင်ရွက်မှုဟာ မှားယွင်းမှု ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက စက်တင်ဘာ ၇ ရက်မှာ တံဆိပ်ကပ်ပြောဆိုလိုက်ပြီး အဲဒီလို လုပ်ဆောင်မယ်ဆိုရင် တစ်ဖက်သတ် တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာစေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းခြေဒေသ အစိတ်အပိုင်းတွေကို အစ္စရေးက သူတို့ပိုင်နက်ထဲ သွပ်သွင်းဖို့ ပြင်ဆင်နေချိန်မှာ အခုလိုသတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ဗြိတိန် အပါအဝင် နိုင်ငံတချို့က အခုလနှောင်းပိုင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမယ်လို့ ကတိပြုထားကြတာပါ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်ပြည်ထောင် ဖြေရှင်းရေး တိုက်တွန်းဖို့ ဆော်ဒီအာရေးဗီးယားနဲ့ပူးပေါင်းပြီး ပြင်သစ်က ဇူလိုင်လမှာ ညီလာခံ တစ်ရပ် ကျင်းပခဲ့ပြီး သမ္မတ မက်ကရွမ်က သူ့နိုင်ငံရဲ့ အစီအစဉ်တွေကို ကြေညာပြီးနောက်ပိုင်း အစ္စရေး-ပြင်သစ် ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း အစ္စရေးအနေနဲ့ သဘောတူညီမှု မရယူဘူးဆိုရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုသွားမယ်လို့ ဗြိတိန်က ပြောထားပါတယ်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားက အဲဒီလို အသိအမှတ်ပြုရင် ဒေသတွင်း မငြိမ်မသက် ဖြစ်စေမှာ ဖြစ်ပြီး ငြိမ်းချမ်းရေး ရယူဖို့ ပိုပြီး ခက်ခဲသွားစေလိမ့်မယ်လို့ ပြောပါတယ်။

အဲဒီလို လုပ်မယ်ဆိုရင် အစ္စရေးကို တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေ ချမှတ်ရအောင် တွန်းပို့လိုက်သလို ဖြစ်ပါလိမ့်မယ်လို့ ဝန်ကြီး ဂီဒီယွန်ဆားက ဆိုတာပါ။

ဗြိတိန်နဲ့ ပြင်သစ်တို့လို နိုင်ငံတွေက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေး ဆောင်ရွက်မှုဟာ ဧရာမ အမှားတစ်ခု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒိန်းမတ်ကတော့ ဟားမာ့စ် ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုခုက အုပ်ချုပ်နေရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် လုံးဝ အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အစ္စရေးအနေနဲ့ဘယ်လိုမျိုး တစ်ဖက်သတ် တုံ့ပြန်မှုတွေ ပြုလုပ်သွားမလဲ ဆိုတာကို ဝန်ကြီး ဂီဒီယွန်ဆားက ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပေမယ့် ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ နောက်ထပ် အခြေချ ဆောက်လုပ်မှုတွေ လုပ်ဖို့ အစိုးရက ခွင့်ပြုလိုက်ပြီးနောက် သူ့ရဲ့ သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.