ဂျေရုစလင်၊ စက်တင်ဘာ ၉

ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အားလုံး ပြန်လွှတ်ပေးရမယ့် သဘောတူညီမှု တစ်ရပ်ကို ဟားမာ့စ်အဖွဲ့အနေနဲ့ လက်ခံရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားပြီးနောက် အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ဟားမာ့စ် လက်နက်မချရင် အလုံးစုံ ပျက်စီးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ စက်တင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

အစ္စရေး သိမ်းယူထားတဲ့ အရှေ့ ဂျေရုစလင်ရှိ ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေး အရေးပေါ်ဌာနက ပြောပါတယ်။

စက်တင်ဘာ ၇ ရက်က ဒေသတဝန်း လူ ၄၈ ယောက် သေဆုံးခဲ့ပြီးနောက် ညသန်းခေါင်အချိန် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၀ ယောက် သေဆုံးတယ်လို့ ဂါဇာစီးတီး အရပ်ဖက် ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ နောက်ဆုံး သတိပေးချက် ထွက်ပေါ်လာပြီးနောက် မကြာခင်မှာပဲ ဟားမာ့စ်အဖွဲ့က ညှိနှိုင်းဖို့ အသင့်ရှိတယ်လို့ ပြောထားတာပါ။

ဂါဇာနဲ့ နိုင်ငံခြား ဇိမ်ခံဟိုတယ်တွေမှာ ရှိနေတဲ့ ဟားမာ့စ် လူသတ်သမားတွေနဲ့ မုဒိမ်းကောင်တွေအတွက် ဒါက နောက်ဆုံး သတိပေးချက် ဖြစ်ကြောင်း၊ ဓားစာခံတွေကို လွှတ်ပေးပြီး လက်နက်ချကြဖို့နဲ့ မချပါက ဂါဇာ ဖျက်ဆီးခံရမယ့်အကြောင်း၊ အလုံးစုံ ဖျက်ဆီးခံရမယ့်အကြောင်းအစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က လူမှုမီဒီယာ X ပေါ်မှာ ရေးပါတယ်။

စစ်ပွဲ ရပ်တန့်ရေး နိုင်ငံတကာရဲ့ ဖိအားပေးမှု ပိုများလာပေမယ့် အစ္စရေးက စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်ထားပြီး ဂါဇာစီးတီးရှိ အထပ်မြင့် အဆောက်အဦတွေကို ပြားပြားဝပ်သွားတဲ့အထိ တိုက်ခိုက်ပြီး သိမ်းပိုက်ဖို့ ပြင်ဆင်နေပါတယ်။

ဒီကနေ့ ဂါဇာစီးတီးရဲ့ ကောင်းကင်ယံမှာ ကြီးမားတဲ့ ဟာရီကိန်း မုန်တိုင်း တိုက်ခတ် လာလိမ့်မယ်လို့ ဝန်ကြီး အစ္စရေး ကာ့ဇ်က X ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဂါဇာမှာ ဓားစာခံ ၄၇ ဦး ကျန်နေသေးပြီး အဲဒီထဲက ၂၅ ဦး သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း အစ္စရေးက ပြောဆိုထားပါတယ်။

အစ္စရေးဟာ ဂါဇာမှာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေပြီး ဂါဇာ ပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ရလုနီးနေပြီ ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်နေပေမယ့် အစ္စရေးက ဂါဇာစီးတီးကို သိမ်းပိုက်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.