မြဝတီ၊ စက်တင်ဘာ ၉
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်းက လေးကေကော်မြို့အနီးတစ်ဝိုက်မှာ စစ်ကော်မရှင်တပ်က ဒရုန်း လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မြေပြင်ကနေလည်း စစ်ကြောင်းထိုးလာဖို့ ပြင်ဆင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၆ ရက်နေ့က မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်သိမ်းယူလိုက်ပြီးတဲ့နောက် မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ကနေတစ်ဆင့် မဲကနယ်၊ မယ်ထော်သလေးကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးရောက်ရှိလာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
လေးကေကော်မြို့ ဆေးရုံကို စက်တင်ဘာ ၆ ရက်နေ့ မနက်အစောပိုင်းက စစ်ကော်မရှင်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာမှာ ဆေးရုံအဆောက်အဦးဟောင်း ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကော်မရှင်တပ်က ခလရ ၂၇၅ တပ်ရင်းကနေတစ်ဆင့် လက်ခတ်တောင်ခြေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ လေးကေကော်မြို့နဲ့ ရသေ့ဂူရွာကြားက နေရာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်း ခလရ ၂၇၅ တပ်ရင်းကနေတစ်ဆင့် မဲကနယ်ကျေးရွာနဲ့ မယ်ထော်သလေးကျေးရွာဘက်ကို ရောက်ရှိလာနေပြီး လက်ခတ်တောင်ခြေနဲ့ လေးကေကော်မြို့တွေထဲကို စစ်ကြောင်းထိုးဖို့ရှိနေတယ်လို့ မြဝတီဒေသခံတွေက ဆိုပါတယ်။
စစ်ကော်မရှင်တပ်က လေးကေကော်မြို့နဲ့ လက်ခတ်တောင်ခြေတွေဘက်ကို စစ်ကြောင်းထိုးမှုကြောင့် ဒေသခံအရပ်သားတွေဟာ အခြားဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက အသိပေးထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မြဝတီမြို့တောင်ဘက်က လေးကေကော်မြို့ အပါအဝင် ဖလူး၊ စွယ်တော်အမြောက်ကုန်း၊ လက်ခတ်တောင်စခန်းကုန်း စတဲ့ စခန်းတွေနဲ့ ဝေါ်လေဗျူဟာတွေဘက်ဆီ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

