ဘီးလင်း၊ စက်တင်ဘာ ၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကျေးရွာ ကံကောင်းခြင်းရတနာအထပ်သားစက်ရုံမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၉ နာရီအချိန်ခန့်မှာ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး အ သက် ၅၉ နှစ်အရွယ် ဦးဆန်းနိုင်ဟာ အထပ်သားစက်ရုံအတွင်းမှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ် ခတ်သွားပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်ဟာ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနှံ့မှာ သေနတ်ဒဏ်ရာ ၈ ချက်ရရှိပြီးနောက် အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်ဟာ စစ်တပ်အာဏာမသိမ်းခင်က စုစည်းအားမာန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့ပြီး၂၀၂၃ ခုနှစ်လောက်မှာ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်ရဲ့ ရုပ်အလောင်းကိုတော့ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက ဘီးလင်းမြို့ သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဦးဆန်းနိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ် စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.