မကွေး စက်တင်ဘာ ၈

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းက ၄ ရက်အတွင်း ပြည်သူ ၉ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

​စက်တင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ ပွင့်ဖြူမြို့နယ်ကို စစ်ကြောင်းဝင်ရောက်ပြီးတော့ အကြောင်းမဲ့ သတ်ဖြတ်တာ၊ စစ်ကြောင်း ရှေ့ပြေးသုံးပြီးမိုင်းကွင်းဖြတ်တာတွေ ပြုလုပ်သွားတာလို့ သိရပါတယ်။

“အဓိက​ကတော့ စစ်ကြောင်း အထိနာတာကနေ စတာပါပဲ။ စစ်ကြောင်းအထိနာတော့ နေအိမ်တွေကို မီးရှို့တယ်။ မရှောင်နိုင်တဲ့ ပြည်သူတွေကို စစ်ကြောင်းမှာခေါ်ပြီး လမ်းပြသုံးတယ်။ သတ်ဖြတ်တယ်။” လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ မကျီးစုရွာသား ၂ ဦးနဲ့ အမည်မသိ အလောင်း ၁ လောင်း၊ ကနီကျေးရွာသား ၂ ဦး၊ မဒဲကုန်းကျေးရွာသား ၂ ဦး၊ မဒဲကျေးရွာသား ၁ ဦး၊ အင်းကုန်းကျေးရွာသား ၁ ဦး စုစုပေါင်း ၉ ဦးဖြစ်ပြီး မိုင်းကွင်းဖြတ်ခိုင်းလို့ ဒဏ်ရာရသူ ၆ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

မကျီးစုကျေးရွာသား ၂ ဦးကိုတော့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ကာ မီးရှို့ခဲ့တဲ့အပြင်၊ အမည်မသိအလောင်းကတော့ လည်ပင်းကို လှီးဖြတ်ပြီး တောင်ဘက်မြောင်း လေးအိမ်စု ပေါင်းဘက်မှ ာပစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

မဒဲကျေးရွာသား တစ်ဦးကိုတော့ စစ်ကော်မရှင်တပ်တွေက မဒဲတာဝါတိုင်မှာ ကြိုးနဲ့ချီကာ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်သွားပြီး ကျန် ၅ ဦးကတော့ မိုင်းကွင်းကို ဖြတ်ခိုင်းတာကနေ သေဆုံးတာလို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းက စက်တင်ဘာ ၃ ရက်မှာပဲ မကျီးစုကျေးရွာက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်စီးတာတွေလုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းကို ခ.လ.ရ ၁၀ နဲ့ စကုမြို့က ပျူစောထီးတွေ၊ ဝါစိုက်ပျိုးရေးတပ်က အင်အားတွေနဲ့ အုတ်ဖိုရွာကနေ မဲဇလီရွာ၊ မဲဇလီရွာကနေ ရေပုတ်ကလေးကျေးရွာအထိ စစ်ကြောင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားပြီး အထိအခိုက်များပြားတယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.