ပုလော၊ စက်တင်ဘာ ၈
တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ KNDO၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ထံကနေ လက်နက်ခဲယမ်းတချို့နဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ KNU က အသိပေးထုတ်ပြန်ထားပါတယ်။

ထမင်းမစားကျေးရွာက တပ်စခန်းဟာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ခလရ(၂၈၀)တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂)တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၄၀ ကျော် တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

