ရန်ကုန် ၊ ဩဂုတ် ၂၅
ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာစစ်အုပ်စုရဲ့ လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုတွေမှာ KBZ နဲ့ Max ကုမ္ပဏီတို့ဟာ ဘဏ္ဍာငွေပံ့ပိုးခဲ့တယ်လို့ အဲဒီသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ၈ နှစ်မြောက်နေ့ ဩဂုတ် ၂၅ ရက်နေ့မှာ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်းများစွာဟာ မြန်မာစစ်အုပ်စုရဲ့ နယ်မြေရှင်းလင်းစစ် ဆင်ရေးအတွက် ပံ့ပိုးကူညီဖို့ ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုထံ တိုက်ရိုက်လှူဒါန်းခဲ့ကြတာပါ။ အဲဒီကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က မှတ်တမ်းတင်ထားခဲ့ပြီးလို့ ဆိုပါတယ်။
အဲဒီထဲမှာ ငွေကြးပံ့ပိုးခဲ့သူ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့သလို နယ်မြေရှင်းလင်းရေးနဲ့ နယ်စပ်ခြံစည်းရိုးဆောက်လုပ်ရေးမှာ ငွေကြေးပံ့ပိုးခဲ့တဲ့ KBZ နဲ့ Max ကုမ္ပဏီတို့လည်း တာဝန်ယူ တာဝန်ခံရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွက် KBZ က ကန်ဒေါ်လာ ၂ ဒသမ ၄၇ သန်းနဲ့ Max Myanmar က ကန်ဒေါ်လာ ၉၇၆,၈၅၇ လှူဒါန်းခဲ့သလို နယ်စပ်ခြံစည်းရိုးဆောက်လုပ်ရေးအတွက် KBZ က ကန် ဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ Max Myanmar က ကန်ဒေါ်လာ ၆၅၄,၀၀၀ လှူဒါန်းခဲ့ကြတာပါ။
ခရိုနီကုမ္ပဏီတွေဖြစ်ကြတဲ့ KBZ နဲ့ Max တို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို မိမိနေအိမ်တွေထံ ပြန်လာနိုင်ခြင်းမရှိစေရေး နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေးအတွက် ငွေကြေးများစွာ လှူဒါန်းခဲ့ပြီး အားပေးအားမြောက်ပြုသူတွေအဖြစ် ပါဝင်ခဲ့ကြတယ်လို့ JFM ဆိုပါတယ်။
KBZ နဲ့ Max ကုမ္ပဏီတို့ဟာ အခြားလူမဆန်တဲ့ပြစ်မှုကြီးတွေမှာ ပါဝင်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ကြီးကြီးမားမား တိုက်ရိုက်ပံ့ပိုးပေးခဲ့ကြောင်း JFM က သုံးသပ်ခဲ့ပြီး ဒီအပေါ် တရားစွဲဆိုဖို့ တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်အထိ အဲဒီကုမ္ပဏီတွေကို အပြစ်ပေးအရေးယူတာဝန်ခံစေခြင်း မရှိတဲ့အပြင် အဲဒီကျူးလွန်သူတွေကပင် ကျူးလွန်နေတဲ့ လက်ရှိ နိုင်ငံတကာရာဇဝတ်မှုတွေကနေ အကျိုးအမြတ်တွေ ဆက်လက် ရရှိနေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
JFM ကတော့ တရားမျှတမှုဟာ ၈ နှစ်ကြာ မျက်ကွယ်ပြု ငြင်းပယ်ခံထားရပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတာဟာ ရာဇဝတ်မှုကြီးတွေ ကျူးလွန်တဲ့ စစ်အုပ်စုနဲ့ ငွေကြေးထောက်ပံ့တဲ့ ခရိုနီတွေကို ပိုမိုရဲတင်းစေခဲ့သာဖြစ်ကြောင်း ထောက်ပြထားတာပါ။
ရိုဟင်ဂျာတွေဟာ မြန်မာစစ်အုပ်စုနဲ့ အာရက္ခတပ်တော်တို့ရဲ့ ဆိုးဆိုးရွားရွား နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက ပြောဆိုထားကြောင်း JFM က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလဆန်းပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံရွာအတွင်း ဖြစ်ပွားခဲ့တဲ့ မူဆလင်ရွာသား ၆၀၀ ကျော် သတ်ဖြတ်မှုစွပ်စွဲချက်အပေါ် ကျူးလွန်ခြင်းမရှိကြောင်း အာရက္ခတပ်တော် AA က သတင်းမီဒီယာတွေကို ပြောဆိုထားတာပါ။
JFM ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ကြံရာပါကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို ရာဇဝတ် ကြောင်းအရ စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရမှာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အကာအကွယ်ပေးရေးနဲ့ ကျူးလွန်သူအားလုံးကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

