ဘားအံ၊ သြဂုတ် ၂၆
အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ကရင်လူမျိုးပြည်သူလူထုတွေ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကရင်နိုင်ငံရေးအင်အားစုတွေအပါအဝင် နိုင်ငံရေးပါတီနဲ့ ပြည် သူလူထုတစ်ရပ်လုံးက ပါဝင်တာတွေမပြုကြဘဲ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့ KNU ဗဟိုက တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကော်မရှင်က ကြီးမှူးဦးဆောင်ကျင်းပပြုလုပ်မယ့် အထွေထွေရွေး ကောက်ပွဲအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဩဂုတ်လ ၂၆ ရက်နေ့မှာ ကြေညာ ချက်ထုတ်ပြန်လိုက်တာပါ။
အာဏာသိမ်း စစ်တပ်က ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲဟာ ဥပဒေကြောင်းအရ တရားမဝင်တာ၊ ပြည်သူအားလုံးပါဝင်နိုင်မယ့် အခြေအနေမှာ မရှိတာနဲ့ လိုသလိုအဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကြောင့် KNU အနေနဲ့ လုံးဝလက်မခံဘူးလို့ ဆိုပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဖို့အတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေမဟုတ်ဘဲ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို ပိုမိုပြင်းထန်လာစေရုံသာမက ဒေသတွင်းမတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်လာစေမှာဖြစ်တယ်လို့ KNU က သတိပေးထားပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေကို ကိုင်တွယ်ဖို့အတွက် အသစ်ထုတ်ပြန်လိုက်တဲ့ “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပေဒနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်ရေးဥပဒေ”ကို ပြင်ဆင်လိုက်တဲ့အတွက် ပြည်သူတွေဟာ အကြောက်တရားတွေအောက်က မိမိဆန္ဒမပါဘဲ ပါဝင်ပေးရမယ့်အခြေအနေကို ရောက်ရှိလျက်ရှိနေတယ်လို့ KNU က ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားတာဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ မျက်ကွယ်ပြုတာဖြစ်ပြီး “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ”ဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်သလို နိုင်ငံရေးပါတီတွေက ဒီအတုအယောင်ရွေး ကောက်ပွဲမှာ ပါဝင်တာဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ်တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကလည်း စစ်အာဏာရှင်စနစ်သက်ဆိုးစေရေး၊ စစ်တပ်အာဏာသိမ်းယူမှု တရားဝင်မှုရရှိစေရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းဖြင့် “အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ” ဖြစ်သွားနိုင်တဲ့အတွက် နည်းလမ်းပေါင်စုံနဲ့ ရှောင်ရှားနိုင်ကြရေး ကြိုးပမ်းကြဖို့လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

