ဂျေရုစလင်၊ ဇူလိုင် ၂၅
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာ့စ်ဟာ ကောင်းမွန်တဲ့ ယုံကြည်မှုနဲ့ ဆွေးနွေးဖို့ ပျက်ကွက်တယ်လို့ အမေရိကန်ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်က စွပ်စွဲခဲ့ပြီးနောက် အစ္စရေးနဲ့ အမေရိကန်တို့က ဂါဇာ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို တိုင်ပင်ဆွေးနွေးဖို့အတွက် ဇူလိုင် ၂၄ ရက်မှာ ပြန်လည် ခေါ်ယူလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေး ကြိုးပမ်းမှုအတွင်း ဒါဟာ နောက်ဆုံး ဆုတ်ယုတ်မှု ဖြစ်လာပါတယ်။

ကြားဝင် ညှိနှိုင်းသူတွေက အများကြီး ကြိုးပမ်းခဲ့ပေမယ့် ဟားမာ့စ်အဖွဲ့က ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောမတွေ့ရသလို ကောင်းမွန်တဲ့စိတ်ဆန္ဒပြသဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်ကိုယ်စားလှယ်က ပြောပါတယ်။
ဟားမာ့စ်က သူ့ရဲ့ ကြေညာချက်ကြောင့် အံ့သြမိပြီး မိမိတို့ သဘောထားကို ကြားဝင် ညှိနှိုင်းသူတွေက ကြိုဆိုကြသလို သဘောတူညီမှု ရရှိရေး လမ်းဖွင့်ထားတယ်လို့ ပြန်လည် ချေပထားပါတယ်။
အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ဆက်လက် ညှိနှိုင်းလိုကြောင်း ဟားမာ့စ်အဖွဲ့က ဇူလိုင် ၂၅ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးက ဆက်လက် ဆွေးနွေးဖို့ ဆန္ဒရှိပေမယ့် ဟားမာ့စ်အဖွဲ့ရဲ့ အပစ်အခတ်ရပ်စဲရေး နောက်ဆုံး အဆိုပြုချက်က သူတို့အဖွဲ့ရဲ့ အလျှော့ပေးမှုတွေ မရှိဘဲ အခြေအနေတိုးတက်အောင် မလုပ်ဆောင်နိုင် ဖြစ်နေတယ်လို့ အစ္စရေးအရာရှိ တစ်ဦးက ပြောပါတယ်။
ဂါဇာမှာ လူသားချင်း စာနာထောက်ထားရေး ပြဿနာ ပိုမို ပြင်းထန်လာနေပြီး ဟားမာ့စ် ဖမ်းဆီးထားတဲ့ ဓားစာခံတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အစ္စရေးက စိုးရိမ်နေချိန် နှစ်နှစ်နီးပါးကြာ စစ်ပွဲ အဆုံးသတ်ရေး နှစ်ဖက်စလုံးဟာ ပြည်တွင်းကရော နိုင်ငံတကာကပါ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:Reuters

