ဘန်ကောက်၊ ဇူလိုင် ၂၅
ထိုင်းနဲ့ကမ္ဘောဒီးယားကြား ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတွေကြောင့် လူတစ်သိန်းကျော် ထွက်ပြေးသွားရတယ်လို့ ဘန်ကောက်အစိုးရက ဇူလိုင် ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
နှစ်နိုင်ငံ စစ်တပ်တွေကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ပိုများလာချိန်မှာ ရန်လိုတိုက်ခိုက်မှုများ ရပ်တန့်ဖို့ နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေက တိုက်တွန်းထားပါတယ်။

ကာလကြာရှည်ရှိနေခဲ့တဲ့ နယ်စပ်အငြင်းပွားမှုဟာ ဇူလိုင် ၂၄ ရက်က တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ၊ သံချပ်ကာကားတွေ၊ မြေပြင်တပ်ဖွဲ့တွေနဲ့အတူ ပြင်းထန်တဲ့ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အဲဒီ ပြဿနာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇူလိုင် ၂၅ ရက် ညနေပိုင်းမှာ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပါတယ်။
နယ်စပ် ပြည်နယ်လေးခုက လူပေါင်း တစ်သိန်းကျော်ကို ယာယီခိုလှုံရေးစခန်း ၃၀၀ ဆီ ပို့ဆောင်ထားတယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းစစ်သား တစ်ဦး၊ အရပ်သား ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

နယ်စပ်ကနေ ကီလိုမီတာ ၂၀ အကွာရှိ ကမ္ဘောဒီးယားနိုင်ငံ ဆမ်ရာအွန်မြို့မှာ ဇူလိုင် ၂၅ ရက် မနက်ပိုင်းက လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရကြောင်း သတင်းထောက်တွေက ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွား သန်းပေါင်းများစွာ လာရောက်လည်ပတ်လေ့ရှိတဲ့ အိမ်နီးချင်းနှစ်နိုင်ငံကြား ကီလိုမီတာ ၈၀၀ အထိ ရှည်တဲ့ နယ်စပ်တလျှောက် ဒေသတချို့နဲ့ ပတ်သက်လို့ အငြင်းပွားနေတာ ကြာပြီ ဖြစ်ပါတယ်။
နယ်စပ်ဒေသတချို့ကို သူပိုင် ငါပိုင် ပြောဆိုနေကြပြီး ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူ ၂၈ ဦး သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရတာပါ။
ဆယ်စုနှစ် တစ်စုကျော်အကြာမှာ အဲဒီ ပြဿနာကို ကုလထိပ်တန်း တရားရုံးက ဖြေရှင်းပေးခဲ့ပေမယ့် မေလမှာ တိုက်ခိုက်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် လက်ရှိ တိုက်ခိုက်မှုတွေအထိ အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ထွက်ပြေးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယား မီဒီယာက ပယ်ချပြီး စစ်ဆင်ရေး ကြီးကြပ်နေတဲ့ ဟွန်ဆန်ရဲ့ ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။
ဒီနှစ်နိုင်ငံကြား စစ်အင်အား ကွာဟမှုရှိပြီး ထိုင်းက စစ်သည်အင်အား လက်နက်အင်အား အပါအဝင် အဖက်ဖက်က သာနေပါတယ်။
Ref:AFP

