ဝါရှင်တန်၊ ဇူလိုင် ၁၂

သံတမန်ရေးတွေကို မကြုံစဖူး ပြုပြင်ပြောင်းလဲဖို့ သမ္မတ ဒေါ်နယ် ထရန့် အစိုးရက ဖိအားပေး ဆောင်ရွက်နေချိန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အခြေစိုက် အလုပ်သမား ၁၃၅၀ ကျော်ကို ဇူလိုင် ၁၁ ရက်က ထုတ်ပယ်လိုက်ပါတယ်။

အစိုးရရဲ့ လုပ်ရပ်ကြောင့် ပြည်ပရှိ အမေရိကန် အကျိုးစီးပွား တိုးပွားရေး၊ ကာကွယ်ရေးအတွက် အမေရိကန်ရဲ့ စွမ်းရည်ကို အားလျော့စေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဝါရှင်တန်ဟာ ကမ္ဘာ့စင်မြင့်ထက်မှာ ပြဿနာအများကြီးနဲ့ နပမ်းလုံးနေရချိန်မှာ အစိုးရဝန်ထမ်း ၁၁၀၇ ဦးနဲ့ နိုင်ငံခြားဌာန အရာရှိ ၂၄၆ ဦးတို့ကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲ၊ နှစ်နှစ်နီးပါး ကြာလာပြီ ဖြစ်တဲ့ ဂါဇာ ပဋိပက္ခ၊ အီရန်နဲ့ အစ္စရေးကြား တင်းမာမှုကြောင့် စိုးရိမ်စရာ ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း အခြေအနေတွေနဲ့ အလုပ်ရှုပ်နေချိန်မှာ အဲဒီလို နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း အများအပြားကို စတင်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

စုစုပေါင်း လုပ်သားအင်အား လျှော့ချမှုဟာ ၃၀၀၀ နီးပါးရှိလာမှာ ဖြစ်ပြီး အမေရိကန်အခြေစိုက် အလုပ်သမားတွေကို အဓိက ထုတ်ပယ်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောပါတယ်။

အမေရိကန် ပထမဆိုတဲ့ မူဝါဒနဲ့ အညီ နိုင်ငံခြားရေးမူဝါဒ သေချာစေရေး ထရန့်ရဲ့ ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ အခုလို အလုပ်သမားတွေကို ပထမဆုံး ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ ထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့ရဲ့ လုပ်ရပ်ကြောင့် အမေရိကန် ဘေးကင်းလုံခြုံမှု နည်းပါးသွားပြီ ဖြစ်ကြောင်း ဗာဂျီးနီးယား ပြည်နယ်က ဒီမိုကရက် လွှတ်တော်အမတ် တင်မ် ကိန်းက ပြောကြား ပါတယ်။

တရုတ်က ကမ္ဘာတဝှမ်း သံတမန်ရေး ခြေရာပိုများလာအောင် လုပ်ဆောင်နေချိန်မှာ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်မရှိဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခု ဖြစ်တယ်လို့ လွှတ်တော်အမတ်ကိန်းက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.