ကွာလာလမ်ပူ၊ ဇူလိုင် ၁၂
ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ သဘောထား ကွဲလွဲမှုတွေကို အပြုသဘောဆောင်တဲ့ တာဝန်ယူမှုရှိတဲ့ အပြုအမူနဲ့ စီမံခန့်ခွဲရေး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ ထိပ်တန်း သံတမန်တွေက တိုက်တွန်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ကွာလာလမ်ပူမြို့မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ဇူလိုင် ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒေသတွင်း ဆက်လက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောစေရေးအတွက် သဘောထား မတိုက်ဆိုင်မှုတွေထက် အများသဘောတူညီမှုတွေကို အာရုံစိုက်ပြီး အာဆီယံကတဆင့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်း မိမိတို့ အလေးထား ဖော်ပြခဲ့တယ်လို့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးမှာ ဝန်ကြီး ဟာဆန်က မီဒီယာသို့ ပြောလိုက်တာပါ။

အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်း နိုင်ငံတွေအပေါ်အခွန်တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကြေညာထားမှုနဲ့အတူ ပထဝီနိုင်ငံရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ မသေချာမရေရာမှုများ ရှိနေချိန်မှာ အာဆီယံ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ လေထန်မှုတွေနဲ့ ကုန်သွယ်ရေး တင်းမာမှု မြင့်တက်လာမှုကို ဒေသဆိုင်ရာ ပူးပေါင်းတုံ့ပြန်မှု ဖော်ဆောင်ရေး အာဆီယံ ညီလာခံမတိုင်ခင် အောက်တိုဘာလအတွင်း အာဆီယံ နိုင်ငံခြားရေးနဲ့ စီးပွားရေးဝန်ကြီးများ ပူးပေါင်း အစည်းအဝေးကျင်းပဖို့ စီစဉ်ထားတယ်လို့ မိုဟာမက် ဟာဆန်က ပြောပါတယ်။

အခုအချိန်မှာ နိုင်ငံရေးနဲ့ စီးပွားရေးက တွဲလျက်သွားနေပါပြီ ကျွန်တော်တို့ အနေနဲ့ အဲဒါတွေကို သီးခြား ခွဲထုတ်မှာ မဟုတ်ပါဘူးလို့ သူက ဖြည့်စွက်ပြောဆိုတာပါ။
အာဆီယံ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မေ၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပေနီ ဝေါင်နဲ့ တခြား အဆင့်မြင့် အရာရှိများ ဆွေးနွေးခဲ့ကြပါတယ်။
ယခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ အပေါ် အခွန် ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ အမေရိကန် မဟာမိတ် ထိုင်းတို့ အပေါ် ၃၆ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှား အပေါ် ၃၂ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ထရန့်က သက်ဆိုင်ရာနိုင်ငံများဆီ အသိပေးစာ ပေးပို့ထားပါတယ်။
Ref:CNA

