ဝါရှင်တန်၊ ဇူလိုင် ၇

အရင်က ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်ရဲ့ နိုင်ငံရေးပါတီ အသစ် တည်ထောင်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဝေဖန်ထိုးနှက်ပြီး အဓိပ္ပါယ် မရှိဘူးလို့ ပြောလိုက်ပါတယ်။

“တတိယမြောက် နိုင်ငံရေးပါတီ တစ်ခု စတင်ဖို့ ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ထင်တယ်” လို့ ဇူလိုင် ၆ ရက်က Air Force One လေယာဉ်ပေါ် မတက်ခင် ထရန့်က သတင်းထောက်တွေကို ပြောကြားသွားတာ ဖြစ်ပါတယ်။

အမြဲတမ်း နှစ်ပါတီစနစ် ဖြစ်နေခဲ့ပြီး တတိယပါတီတစ်ခု စတင်တာက ရှုပ်ထွေးမှု ဖြစ်စေရုံပဲ ရှိတယ်လို့ ထင်ကြောင်း ထရန့်က ဆက်လက် ပြောပါတယ်။

ရီပက်ဘလေကန်နဲ့ ဒီမိုကရက် နှစ်ပါတီစနစ်ကို စိန်ခေါ်ရေး ကိုယ်ပိုင် America Party ကို တည်ထောင်သွားမှာ ဖြစ်တယ်လို့ အီလွန်မတ်စ်က သူ့ရဲ့ အစီအစဉ်ကို လူမှုမီဒီယာ X ပေါ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဖော်ပြခဲ့ပါတယ်။

ထရန့်နဲ့ မတ်စ်တို့ဟာ အရင်က ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်ပြီး Tesla သူဌေးကြီကို သမ္မတက အစိုးရအဖွဲ့ ထိရောက်မှု ရှိရေး ဌာန(DOGE) ကို ဦးဆောင်စေခဲ့ပါတယ်။

အဲဒီ ဌာနရဲ့ လုပ်ရပ်တွေကြောင့် ဖက်ဒရယ် အသုံးစရိတ်တွေ အများကြီး လျှော့ချဖို့ ဖြစ်လာခဲ့ပါတယ်။

အီလွန်မတ်စ်ရဲ့ လုပ်ရပ်တွေအတွက် ဂုဏ်ယူကြောင်းလည်း ထရန့်က ပြောပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတော် ကြွေးမြီတွေ ပိုများလာစေတဲ့ အစိုးရရဲ့ မူဝါဒတွေကို အီလွန်မတ်စ်က အကြိမ်ကြိမ် ဝေဖန်ခဲ့ပါတယ်။

မိမိရဲ့ ပါတီသစ်အနေနဲ့ အခြေအနေ တစ်ခုမှာ သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မှာ ဖြစ်ပြီး နောက်ထပ် ၁၂ လမှာတော့ အိမ်ဖြူတော်နဲ့ လွှတ်တော်ထဲ ရောက်ရှိနိုင်ရေး အာရုံစိုက်သွားမယ်လို့ အီလွန်မတ်စ်က ဇူလိုင် ၆ ရက်မှာ ပြောခဲ့တာပါ။

အီလွန်မတ်စ်အနေနဲ့ လုံးဝ လမ်းချော်သွားပြီး ပြီးခဲ့တဲ့ သီတင်း ၅ ပတ်မှာ ရထားပျက်တစ်စီးလို ဖြစ်သွားတာကို မြင်တွေ့ရလို့ ဝမ်းနည်းမိတယ်လို့ ထရန့်က ပြောပါတယ်။

အီလွန်မတ်စ်က လျှပ်စစ်ကားများသာ သုံးစွဲရေး သတ်မှတ်ချက် အကောင်အထည်ဖော်ဖို့ အဆိုပြုခဲ့ရာက ထရန့်နဲ့ သဘောထား မတိုက်ဆိုင်ဘဲ နှစ်ဦးသား လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.