ကမ်ပါလာ၊ ဇူလိုင် ၇
အသက် ၈၀ ရှိနေပြီ ဖြစ်တဲ့ ယူဂန္ဓာနိုင်ငံရဲ့ ရာထူး သက်တမ်း အရှည်ကြာဆုံး သမ္မတ ယိုဝီရီ မူဆီဗီနီကို လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲ အတွက် အာဏာရပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာလိုက်တာကြောင့် သူ့ရဲ့ နှစ် ၄၀ နီးပါးကြာ အာဏာဆုပ်ကိုင်ထားမှု သက်တမ်းတိုးဖို့ လမ်းပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ မူဆီဗီနီက အဲဒီ တောင်းဆိုချက်ကို သူ့အနေနဲ့ တုံ့ပြန်ထားပြီး တကယ်လို့ ရွေးကောက်ခံရရင် ယူဂန္ဓာနိုင်ငံကို ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေမြင့်နိုင်ငံ ဖြစ်လာစေရေး သူ့ရဲ့ အစီအစဉ်တွေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

သမ္မတ မူဆီဗီနီဟာ ၁၉၈၆ ခုနှစ်မှာ တော်လှန်ရေးခေါင်းဆောင် အဖြစ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
အဲဒီနောက်ပိုင်း သူဟာ ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့ပြီး သူ့အနေနဲ့ ရာထူးမှာ ဆက်နေခွင့်ရရေး အသက်အရွယ် ကန့်သတ်ချက်နဲ့ ရာထူးသက်တမ်း ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ဖွဲ့စည်းပုံကို နှစ်ကြိမ်တိုင် ပြင်ဆင်ခဲ့ပါတယ်။
လာမယ့်နှစ် ဇန်နဝါရီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွင်း ပေါ့ပ်ဂီတကြယ်ပွင့် အဖြစ်ကနေ နိုင်ငံရေးသမား ဖြစ်လာသူ ဘိုဘီ ဝိန်းဟာ မူဆီဗီနီရဲ့ အဓိက ပြိုင်ဖက် ဖြစ်လာနိုင်ပါတယ်။

ဝိန်းက သူ့ကို သူ့ရဲ့ ပါတီ National Unity Platform က ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရင် မူဆီဗီနီကို စိန်ခေါ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ အစိုးရရဲ့ ဖိနှိပ်မှုတွေ ပိုများလာတာကြောင့် အတိုက်အခံဘက်မှာ ရှိနေရတာ ပိုခက်ခဲလာတယ်လို့ သူက ပြောပါတယ်။
ယူဂန္ဓာမှာ အတိုက်အခံဘက်မှာ ရှိနေရင် အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရတယ်လို့ ဝိန်းက ပြောပါတယ်။
နောက်ထပ် ထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေးသမား တစ်ဦး ဖြစ်တဲ့ ရောဘက် ကျာဂူလမ်ယီကတော့ နိုင်ငံတော်အပေါ် သစ္စာဖောက်တယ်လို့ စွပ်စွဲခံရပြီး နိုဝင်ဘာလကတည်းက ထိန်းသိမ်းခံထားရပါတယ်။
သမ္မတ မူဆီဗီနီကတော့ ယူဂန္ဓာကို တည်ငြိမ်ပြီး တိုးတက်လာအောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။
Ref:BBC

