မော်လမြိုင် ဇူလိုင် ၄

မွန်ပြည်နယ်မှာ စစ်ကောင်စီက လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးစက် အသုံးပြုနိုင်ဖို့အတွက် ဆရာဖြစ်သင်တန်းတွေ စတင်ပို့ချနေပြီလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းပေးကို ကနဦးအနေနဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇွန် ၂၆ ရက်နေ့ကနေ ဇွန် ၂၈ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်ခဲ့တာပါ။

အဲဒီသင်တန်းကို သင်တန်သား ၁၀၀ ဦး တက်ရောက်ခဲ့ပြီး ပညာရေးဌာနဝန်ထမ်းတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းတွေကိုလည်း ကျန်မြို့နယ်တွေမှာ ဆက်လက်ဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့် နှစ်အစမှာ ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် စစ်ကောင်စီက သူတို့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ပြောဆိုနေပေမယ့် ဒေသတွင်းရှိ တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကို အပြည့်အဝ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.