သရက်ချောင်း၊ ဇူလိုင် ၄
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ငါးဦး သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ် ကြောင်းထံက သိရပါတယ်။
ရန်တောင်ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်တွေနဲ့ ရွာလယ်ဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ ကျော်ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ညနေ ၆ နာရီအထိ အချိန် ၇ နာရီနီးပါးကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့သလို သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်း၊ ဒေါင်းညီနောင်ဒရုန်းတပ်အဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂) တပ်ခွဲ (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရွှေဂူတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

