ကော့သောင်း၊ ဇူလိုင် ၃
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ တစ်ရက်တည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ သတင်းပေးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အား စုတွေထံကနေ သိရပါတယ်။
မနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ကော့သောင်းမြို့နယ် အေးချမ်းသာကျေးရွာနေ အသက် ၄၂ နှစ်အရွယ် စစ်ကောင်စီ သတင်းပေး ဦးမြင့်ရှိန်ကို တော်လှန်ရေးတပ်ဖွဲ့တွေက နေအိမ်မှာ ဝင်ရောက်ရှင်းလင်းခဲ့တာပါ။
အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာလည်း ကော့သောင်းမြို့နယ် ဆိပ်ဖူးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၅၉ နှစ်အရွယ် ဦးလှနိုင်ဟာ ကျေးရွာလမ်းမှာပဲ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးနဲ့စစ်ကောင်စီသတင်းပေးတို့ဟာ ရင် ဘတ်နဲ့ဦးခေါင်းတို့မှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ကော့သောင်းမြို့နယ် ဖော့သုတ်ကျေးရွာအနီးမှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ ရဲအဖွဲ့ပစ်ခတ်ခံရတာကြောင့် ရဲအုပ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

