သရက်၊ ဇူလိုင် ၃

မကွေးတိုင်း သရက်အကျဉ်းထောင်မှာ လွှတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဟာ ထောင်ဗူးဝမှာပဲ ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းထွန်းအောင်နဲ့ ကိုနိုင်ထွန်းလင်းတို့ဟာ ဇူလိုင် ၁ ရက်နေ့မှာ လွတ်ရက်စေ့သွားလို့ ပြန်လည်လွတ်မြောက်လာစဉ် ထောင်ဗူးဝမှာပဲ ပြန်အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကိုတော့ စစ်ကောင်စီက သရက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦး ပြန်လည်ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာတွေအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း လူပေါင်း ၃၀,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ လူပေါင်း ၂၂,၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.