ကျိုက်ထို၊ ဇွန် ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေ အရေပြားရောဂါ ကူးစက်ခံနေရပြီး အရေးပေါ် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလအတွင်း မသန့်ရှင်းတဲ့ ချောင်းရေတွေကို အသုံးပြုရတာ၊ တောတောင်တွေအတွင်း ခြင်နဲ့မှက်တွေ ကိုက်ခံရတာ၊ ဘက်တီးရီးယားနဲ့မှိုပိုးတွေကြောင့် ရောဂါ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။
လတ်တလောမှာ စစ်ရှောင်ပြည်သူ ကလေး၊ လူကြီး ၁၀၀ ကျော် ရောဂါကူးစက်ခံနေရပြီး အများစုဟာ ပွေး၊ ဝဲ၊ ယားနာရောဂါစတဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေတာပါ။
ရောဂါကူးစက်ခံရတဲ့ ရောဂါဖြစ်ပွားသူတွေကို KNU တပ်မဟာ ၁ ဆေးအဖွဲ့က ကူညီပေးနေပေမယ့် ဆေးဝါး လိုအပ်ချက်တွေ ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အရေးပေါ် ဆေးဝါးအကူအညီတွေ လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးလှူဒါန်းလိုသူတွေအနေနဲ့ KNU သထုံခရိုင်တာဝန်ရှိသူတွေထံ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု ၁၇၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာတော့ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ဟာ နေရပ်မပြန်ရဲသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

