ဘားအံ၊ အောက်တိုဘာ ၁၁

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စု ဝန်းစိန်ကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူမယ့်အဖွဲ့ကို လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်သုံးဦး သေဆုံးသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန်က ဘားအံမြို့နယ် သာမညကျေးရွာ မြောက်ဘက် ဝင်းစိန်ကျေးရွာ၊ ဝင်းစိန်ဘုန်းကြီးကျောင်းမုဒ်ဝအနီးမှာ သန်းခေါင်စာရင်းကောက်ခံတဲ့အဖွဲ့ကို လက် နက်ကိုင်အဖွဲ့ အစည်းတစ်ခုက ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ နယ်မြေခံသတင်းရင်း မြစ်တွေက ဆိုပါတယ်။

ဝင်းစိန်ကျေးရွာထဲမှာ သန်းခေါင်စာရင်းကောက်ယူနေတဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ်တစ်စီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က RPG နဲ့ အနီးကပ်ပစ် ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာဒေသဟာ BGF ၊ KNU/KNLA PC ၊ DKBA ၊ KNU စတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ သွားလာလှုပ်ရှားတဲ့ နေရာဒေသ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သာမည ဝင်းစိန်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ရောက်ရှိနေရာယူလာကြတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီအားပေး လော်ဘီတွေရဲ့ ဖော်ပြချက်အရ သန်းခေါင်စာရင်းကောက်ယူနေတဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တစ်စီးအား KNU/PDF တပ်ဖွဲ့က RPG လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ပစ်ခတ်မှုဆောင်ရွက်နေတဲ့အဖွဲ့ကို စစ်ကောင်စီတပ်စစ်ကြောင်းက လိုက်လံရှင်းလင်းနေပြီး ပစ် ခတ်မှုဖြစ်ပွားရာနေရာအနီးမှာ RPG တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.