သထုံ၊ အောက်တိုဘာ ၁၁

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀ နီးပါးမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိဘူးလို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေမှာ လုံခြုံရေးအပြည့်နဲ့ လိုက်လံကောက်ယူနေတာပါ။

ဒါပေမယ့် KNU သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမရှိတော့တဲ့အတွက် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ KNU သထုံခရိုင်ရဲ့ ဖွဲ့စည်းမှုအရ မွန် ပြည်နယ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ ကရင်ပြည်နယ်က ဘားအံ မြို့နယ်ရဲ့ နေရာဒေသတချို့ ပါဝင်ပါတယ်။

သန်းခေါင်စာရင်း မကောက်နိုင်တဲ့ ကျေးရွာတွေမှာ ကျိုက်ထိုမြို့နယ်က ရွာပေါင်း ၁၁၀ ရွာ၊ ဘီးလင်းမြို့နယ်မှာ ၈၄ ရွာ၊ ဘားအံမြို့နယ်မှာ ၉၈ ရွာ၊ သထုံမြို့နယ်မှာ ၈၁ ရွာရှိပြီး ပေါင်မြို့နယ်မှာတော့ ကျေးရွာအကုန်လုံးမှာ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့ အခြေအနေမှာ ရှိနေတာပါ။

မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ မြို့နယ် ၁၀၀ နီးပါးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ PDF တွေက စိုးမိုးထိန်းချုပ်ထားပြီး ကျန်တဲ့ မြို့နယ်တစ်ဝက်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက် နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလကုန်မှာ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့နဲ့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.