Myanmar's military chief Min Aung Hlaing stands in a car as he oversees a military display at a parade ground to mark the country's Independence Day in Naypyidaw on January 4, 2023. - Myanmar's junta announced an amnesty for 7,000 prisoners to mark Independence Day on January 4 following a show of force in the capital, days after increasing democracy figurehead Aung San Suu Kyi's jail term to 33 years. (Photo by AFP) (Photo by STR/AFP via Getty Images)

နေပြည်တော် ၊ ဩဂုတ် ၁

စစ်တပ် အသွင်းပြောင်း အစိုးရအနေနဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် ၂ နှစ် အချိန်ယူမှာဖြစ်ပြီး အရှိန်အဟုန်နဲ့ တည်ဆောက်မှုကို ၃ နှစ် အချိန်ယူဆောင်ရွက်မယ်လို့ အရပ်သားအသွင်ဆောင်ထားတဲ့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လေးလုံးထွားလာပြန်ပါတယ်။

ပြည်သူလူထု တစ်ရပ်လုံးကလည်း သူတို့နဲ့အတူ ကဏ္ဍအသီးသီးကနေ တက်ကြွစွာ ပါဝင်ကူညီပေးကြဖို့ ဇူလိုင် ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းအတွင်း သူက ထည့်သွင်းပြောကြားခဲ့တာပါ။

စစ်တပ် အသွင်းပြောင်း အစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံမှာ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေဟာ ဘယ်လိုပဲ ကြီးမားနေပါစေ ပြည်သူနဲ့ အစိုးရက မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေနဲ့ လက်တွဲညီညီဆောင်ရွက်မယ်ဆိုရင် အဲဒီအခက်အခဲတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပုံဖော်နိုင်မှာဖြစ်တယ်လို့ သူက ယုံကြည်ထားတာပါ။

ဒါ့အပြင် သူတို့ စစ်တပ် အသွင်းပြောင်း အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်ဆောက်သွားမှာဖြစ်ပြီး အတွေးအခေါ် နောက်ကျမကျန်ရစ်ခဲ့စေဖို့ ဦးမင်းအောင်လှိုင်က တိုက်တွန်းထားတာပါ။

ပြည်သူတစ်ဦးကတော့ ရက် ၁၀၀ စီမံကိန်းကို ထပ်တိုးတဲ့ အစီအစဉ်မှာ အောက်ခြေက ပြည်သူတွေအတွက် အကျိုးခံစားခွင့် ရှိမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“သူ့ရဲ့ ရက် ၁၀၀ စီမံကိန်းက ထပ်တောင်တိုးမယ်လို့ သူက အစီအစဉ်ရှိနေတယ်။ ဘာလို့ဆို သူတို့အတွက် အကျိုးအမြတ်တွေ အများကြီးရှိတာကိုး။ ပြည်သူအတွက် ဘာအကျိုးမှ မရှိဘူး။ တိုင်းပြည်အတွက်လည်း ဘာအကျိုးမှ မရှိဘူး။ သူ့ နိုင်ငံတော်သစ်ကလည်း ကြာလေ လူတွေက ကြောက်လေ ဖြစ်လာပြီ။ နိုင်ငံတော်သစ်ဆီသို့ဆိုပြီးတော့ နိုင်ငံတော်အသစ်တည်ဆောက်ရင် ဒီနိုင်ငံတော်က အေးချမ်းသာယာဝပြောရမယ်လေ။ အောက်မှာရှိတဲ့ အောက်ခြေပြည်သူတွေက အကျိုးခံစားခွင့်ဆိုတာ နည်းနည်းပါးပါးတော့ ရှိရမှာပေ့ါ။ ၁၀၀ ဖိုး မရှိရင်တောင်မှ ၂၀ ဖိုးလောက်တော့ ရှိနိုင်ကောင်းပါရဲ့။ အခုက ဘာတစ်ခုမှ မရှိတာ”လို့ ဆိုပါတယ်။

ကုန်လွန်ခဲ့တဲ့ ရက် ၁၀၀ စီမံချက်အတွင်း လူမှုနေစနစ်ဟာ လွတ်လပ်မှုမရှိဘဲ ပိုမို ကျပ်တည်းလာပြီး ပေါ်တာဆွဲတာတွေ နိုင်ထက်စီးနင်းမှုတွေ နယ်စပ်ကဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးတာတွေ ကုန်‌ဈေးနှုန်းကြီးမြင့်တာတွေကို ခံစားခဲ့ရတယ်လို့ ပြည်သူတွေက ထုတ်ပြောထားကြတာပါ။

ဦးမင်းအောင်လှိုင်ကတော့ ကုန်ဈေးနှုန်းကြီးမြင့်နေရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ လောင်စာဆီဈေးနှုန်းတက်တာ၊ ထုတ်ကုန်နည်းပါးတာ၊ ကုန်သွယ်မှုလိုငွေတွေကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာတာနဲ့ အသုံးစရိတ်များပြားတာတွေကြောင့်လို့ ပြောပါတယ်။

ဒါ့အပြင် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွေကို ပြန်လည်သုံးသပ်လေ့လာပြီး စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားထားတာပါ။

ရက် ၁၀၀ အတွင်းမှာတော့ ငြိမ်းချမ်းရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံခြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစီးပွား၊ စက်သုံးဆီချွေတာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ စီမံချက် ၁၀ ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရ တာဝန်ယူခဲ့တဲ့ ရက်ပေါင်း ၁၀၀ ကာလဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေကို စတင်ချမှတ်နိုင်ခဲ့တဲ့ သမိုင်းဝင်ကာလတစ်ခုဖြစ်တယ်လို့ သူက ကြုံးဝါးထားပေမယ့် လေ့လာသူတွေကတော့ ရက် ၁၀၀ စီမံချက်ဟာ အောင်မှတ်မရဘူးလို့ ထောက်ပြကြပါတယ်။

တစ်ဘက်မှာ တိုင်းပြည်တည်ငြိမ်မှသာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ အေးချမ်းစွာ အဖြေရှာကြဖို့ ဦးမင်းအောင်လှိုင်က ထပ်မံတိုက်တွန်းထားတာပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ငြိမ်းချမ်းရေးချဉ်းကပ်မှုဟာ တန်းတူညီမျှတဲ့ နိုင်ငံ‌ရေးဆွေးနွေးမှုထက် မြေပြင်မှာ စစ်ရေးနည်းပေါင်းစုံနဲ ဖိအားပေးတဲ့ ပုံစံမျိုးလို့ သုံးသပ်ပါတယ်။

“ကျွန်တော့်အနေနဲ့ တည်ငြိမ်ရေး ဒါမှမဟုတ် နယ်မြေရှင်းလင်းရေးနာမည်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ ကျေးရွာအတွင်းမှာ ထိုးစစ်ဆင်မှုတွေ နေအိမ်မီးရှို့မှုတွေ မတရားဖမ်းဆီး ငွေညှစ်မှုတွေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ဆက်ပြီးတော့ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေ မြင့်မားနေဆဲပဲလို့ ကျွန်တော်တို့ သုံးသပ်တယ်”လို့ ဆိုပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကို တွေ့ဆုံဆွေးနွေးဖို့ အမြဲဖိတ်ခေါ်နေပြီး ရက် ၁၀၀ စီမံချက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ အသိပေးထားတာပါ။

တစ်ဘက်မှာ သမ္မတအဖြစ် ကျမ်းကျိန်တဲ့နေ့မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ခြေချပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီလို့ ဦးမင်းအောင်လှိုင်က ထုတ်ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီမိုကရေစီစံနှုန်းတွေကို မျက်ကွယ်ပြုထားဆဲ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ကနေ စစ်အစိုးရအဖြစ် အသွင်ပြောင်းပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ရေးသားသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ၊ ၅၂ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ဖမ်းဆီးပြီး အမှုဖွင့်အရေးယူနေသလို သတင်းမီဒီယာ ၆ ခုကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းခဲ့တာပါ။
တစ်ဘက်မှာ စစ်မှုထမ်းဥပဒေကြောင့် နည်းမျိုးစုံနဲ့ စုဆောင်းခံထားရတဲ့ လူငယ်တွေကို ရှေ့တန်းစစ်မြေပြင်မှာ လူသားဒိုင်းသဖွယ် အသုံးချနေတဲ့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကူအညီနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်အစိုးရရဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးဟာ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အကျိုးခံစားခွင့် ရရှိမှာမဟုတ်ဘဲ စစ်အုပ်စုနဲ့ အပေါင်းအပါတွေအတွက်သာ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေလိမ့်မယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.