ထားဝယ်၊ ဩဂုတ် ၂

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန ဒုအကောက်ခွန်မှူးကို ဌာနတွင်း သတင်းပေးမှုကြောင့် ဖမ်းဆီးရမိထားတယ်လို့ PDF တနင်္သာရီတိုင်းစစ်ဌာန ဗျူဟာ ၃၃ က သြဂုတ် ၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အသက် ၅၀ အရွယ် ဒုအကောက်ခွန်မှူး ဦးဖြိုးစံကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က တနင်္သာရီ ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်း လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဖမ်းဆီးခဲ့တာပါ။

ဒုအကောက်ခွန်မှူး ဦးဖြိုးစံဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ သဘာဝဓါတ်ငွေ့တူးဖော်ရေး အခြေအနေ အပါအဝင် လုပ်ငန်းသုံး စက်ပစ္စည်းတွေ လာရောက်စစ်ဆေးပြီးနောက် မောင်းမကန်ရွာမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဒုအကောက်ခွန်မှူး ဦးဖြိုးစံကိုတော့ ဌာနတွင်း သတင်းပေးမှုကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကိုက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဒုအကောက်ခွန်မှူး ဦးဖြိုးစံကိုတော့ လူ့အခွင့်အရေးနဲ့အညီ စစ်ဆေးဆောင်ရွက်နေပြီး ပြည်သူအပေါ် ကျူးလွန်ထားတဲ့ ပြစ်မှုတွေအပေါ် မူတည်ကာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ ဒုအကောက်ခွန်မှူး ဦးဖြိုးစံနဲ့ အကောက်ခွန်ဦးစီးမှူး ဦးတင်မောင်လင်းတို့ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ဌာနအတွင်း လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ အကျင့်ပျက်ချစားနေပြီး လက်အောက်ခံ ဝန်ထမ်းတွေအပေါ် ဖိနှိပ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

PDF တွေ ဖမ်းဆီးထားတဲ့ ဒုအကောက်ခွန်မှူး ဦးဖြိုးစံဟာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်ရဲ့ သားဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.