နေပြည်တော် ဩဂုတ် ၃
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဒီကနေ့ သြဂုတ် ၃ ရက်နေ့ မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရက ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံ လေးပုံထဲမှာတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ မွေးနေ့ကိတ်ခွဲနဲ့ ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နဲ့ တွေ့ဆုံခွင့်ပေးတာဟာ အာဆီယံနဲ့နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြန်လည်ဝင်ဆံ့ဖို့ ကြိုးပမ်းတဲ့ ကနဦး ခြေလှမ်းလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
မြန်မာမှာ လာရောက်ဖို့ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဆာ ပီ လာဇာရိုကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်တပ် အသွင်းပြောင်း အစိုးရထံ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

