နေပြည်တော် ၊ အောက်တိုဘာ ၁၁
နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ တရားမဝင်ကုန်သွယ်မှုတွေဟာ ဝန်ထမ်းတွေအကျင့်ပျက်မှုကြောင့်လို့ အာဏာသိမ်းဒုစစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်မှာရှိတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ညီလာခံခန်းမမှာ ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒုစစ်ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတွေ အဓိကဖြစ်ပေါ်ရတာဟာ နယ်စပ်ဒေသတချို့မှာ လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းဖို့ ကန်သတ်ချက်ရှိတာ၊ ဥပဒေရေးရာတွေမှာ အားနည်းမှု ရှိတာ၊ ဝန်ထမ်းအင်အား မလုံလောက်တာနဲ့ အကျင့်ပျက်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရားမဝင်ကုန်သွယ်မှုတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေမှာ တားဆီးစစ်ဆေးသွားမယ့်အပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေးအရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ တရားမဝင်ကုန်သွယ်မှုတွေ ဖြစ်ပေါ် နေရတာဟာ တရားဝင်အခွန်ဆောင်ဆောင် မဆောင်ဆောင် ရှိသမျှသက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေ အကုန်လုံးကို ငွေ ကြေးပေးဆောင်နေရတာကြောင့် ဖြစ်တယ်လို့ ထောက်ပြပါတယ်။
“အဓိကတော့ ဂိတ်တွေက ပိုက်ဆံယူပြီးတော့ ဆင်းလို့ရနေလို့ပေါ့။ ဒါပါပဲ ရှင်းရှင်းလေးရယ်။ ဥပ မာ နယ်စပ်မှာလည်း တရားဝင်အခွန်၁၀ ရာခိုင်နှုန်းဆို ၁၀ ရာခိုင်နှုန်း ဆောင်ရတယ်။ လမ်းမှာရှိတဲ့ ဂိတ်တွေအကုန်လုံးကိုလည်း ပေးရတယ်။ တပ်ကိုလည်း ပေးရတယ်။ ရဲကိုလည်း ပေးရတယ်။ ရှိသမျှ ဌာနဆိုင်ရာ ဂိတ်ပေါင်းစုံကို ရစ်သမျှကိုလည်း ပေးရတယ်။ အခုဟာက ကုန်သည်တွေ အကုန် လုံးက နှစ်ဖက်ကိုပေးရသလို ဖြစ်နေတယ်။ ဂိတ်တွေက ပိုက်ဆံယူပြီး လွှတ်ပေးနေသ၍ ကာလပတ်လုံး တရားမဝင်ကုန်သွယ်မှု ဖြစ်နေမှာပဲ” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးမှု မရှိတဲ့အတွက် တရားမဝင် ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်မှာ မဟုတ်သလို တရားဝင်ကုန်သွယ်မှုတွေမှာလည်း အဂတိလိုက်စားမှုတွေ ရှိတာကြောင့် တာဆီးနိုင်မှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
အခုလို တရားမဝင်ကုန်သွယ်မှုမှ ဝင်ရောက်လာတဲ့ ကုန်စည်အများစုဟာ နေ့စဉ်ပြည်သူတွေ စားသုံးနေတဲ့ အခြေခံစားသောက်ကုန်တွေဖြစ်ပြီး ပြည်တွင်းမှာ လုံလောက်အောင် မထုတ်လုပ်နိုင်ဘဲ ဈေးကွက်အထိ ဖမ်းဆီးလာပါက ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာမှာဖြစ်တယ်လို့ စီးပွားရေးလုပ် ငန်းရှင်တွေက သုံးသပ်ပါတယ်။
စစ်ကောင်စီရဲ့ အချက်အလက်တွေအရ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရရှိမှုအနေနဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ဩဂုတ်လအတွင်း မန္တလေးတိုင်းမှာ အများဆုံးဖမ်းဆီးရမိသလို စစ်ကိုင်းတိုင်းက ဒုတိ ယနဲ့ ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတွေဟာ လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့ တရားမဝင် ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရမိမှုက အများဆုံးဖြစ်ပြီး လုပ်ငန်းသုံးကုန်ကြမ်းတွေက ဒုတိယအများဆုံးဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေက တတိယအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

