ရန်ကုန် ၊ အောက်တိုဘာ ၁၁
စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်ကြားထားတဲ့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးဆွေးနွေးပွဲလမ်းကြောင်းပေါ် ဆွဲတင်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိတဲ့ စစ်ကောင်စီဟာ အခုအခါမှာ နိုင်ငံခြားရေးဌာနက ထိပ်ပိုင်း ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးက နိုင်ငံ့ကိုယ်စားပြုပြီး တက်ရောက်နေတာပါ။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ အခုအစည်းအဝေးဟာ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီ လိုက်နာအကောင်အထည်ဖော်နိုင်ဖို့ အာဆီယံဘက်က ဖိအားပေးတဲ့ အခင်းအကျင်း တစ်ခု ဖန်တီးတာလို့ သုံးသပ်ပါတယ်။
“လုံးဝ ဥပပေက္ခာပြုထားပြီး မဆက်ဆံရေးလမ်းကြောင်းပေါ်ကနေ ပြန်ဆက်ဆံပြီး အာဆီယံသ ဘောတူညီချက် ၅ ချက်ကို လိုက်နာအကောင်အထည်ဖော်ဖို့ ဖိအားပေးနိုင်တဲ့ အခင်းအကျင်းအ ခြေအနေတစ်ခုကို ပြန်ပြီးတော့ ဖန်တီးတာလို့ ယူဆပါတယ်။ ဒါပေမယ့်ဘာပဲပြောပြော အဲဒီ ၅ ချက်ကို မြန်မာစစ်ကောင်စီက လိုက်နာဖို့ဆိုတာ အရင်ကလည်း မလုပ်ခဲ့သလို အခုလည်းလုပ်မှာတော့ မဟုတ်ဘူး။ သူတို့အနေနဲ့ (စကစ) ဆင်ခြေဆင်လက်ပေးပြီး ကာကွယ်ဖို့ပဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” လို့ ဆိုပါတယ်။
အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဧပြီမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းစာနာအထောက်အထားမှု အကူအညီတွေပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်က ဘုံသဘောတူညီချက်တွေကို မလိုက်နာခဲ့တဲ့အတွက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို တက်ရောက်ခွင့် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီကလည်း အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိခဲ့ဘဲ အခုနှစ် အာဏာသိမ်းမှု လေးနှစ်နီးပါးရောက်လာချိန်ကျမှသာ ပထမဆုံးကိုယ်စားလှယ် စေလွှတ်လာတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ မြန်မာ့အရေး တရုတ်ရဲ့ သီးသန့် ဖြေရှင်းတာမျိုး မဟုတ်ဘဲ အာဆီယံဒေသတွင်း စုပေါင်းပြီး ဆွေးနွေးရေးလမ်းကြောင်းပေါ် ဆွဲတင်ကြတဲ့ ကြိုးစားမှုလို့ သုံးသပ်ပါတယ်။
“အခုအာဆီယံမှာ အကောင်အထည်ဖော်မှုတွေ စပြီးဖြစ်လာတယ်လို့ ကျွန်တော်တို့ နားလည်ရတယ်။ ဒီအကောင်အထည်ဖော်မှုတွေကနေ တရုတ်ရဲ့ သီးသန့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းတာမျိုးမဟုတ်ဘဲ ဒေသတွင်း စုပေါင်းပြီးတော့ ဝိုင်းဝန်းအဖြေရှာကြတယ်။ အထူးသဖြင့်သူတို့ ဘုံသ ဘောတူညီချက် ၅ ရပ် မှာလည်းပါသလို နိုင်ငံတကာ နိုင်ငံအသီးသီးကနေလည်း မြန်မာ့အရေးကိစ္စတွေမှာ တောင်းဆိုဆွေးနွေးတဲ့ ပုံစံဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆိုတဲ့ လမ်း ကြောင်းပေါ် မရောက်ရောက်အောင် ဆွဲတင်ကြတဲ့ ကြိုးစားမှုတစ်ခုလို့ မြင်မယ်ဆို မြင်လို့ရတယ် ခင်ဗျ” လို့ ပြောပါတယ်။
အာဏာသိမ်းမှု လေးနှစ်နီးပါးရောက်လာချိန်မှာ ဘုံသဘောတူညီချက်ဟာ ခရီးမရောက်သလို လက် နက်ကိုင် တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာနေပြီး တရုတ်ရဲ့အကျိုးစီးပွားနဲ့ ဆိုင်တဲ့ ကိစ္စတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတာလို့ သူက ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကလည်း ထင်သာမြင်သာတဲ့ အ နေအထားမျိုး ရှိလာတဲ့အတွက် တရုတ်ရဲ့ အာရှဒေသအပေါ် လွှမ်းမိုးမှုနဲ့ အနောက်နိုင်ငံရဲ့ ချယ်လှယ်မှုတွေ ကန့်သတ်လျှော့ ချဖို့ တရုတ်ရဲ့ မူဝါဒကြားထဲမှာ အခုလိုဖြစ်လာတာလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အကျပ်အတည်းတွေကြားမှာ လာမယ့်နှစ် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြောခဲ့ပြီး လက်ရှိမှာ အခြေခံမဲစာရင်း အချက်အလက်ရဖို့ လူဦးရေသန်းခေါင်စာရင်း ကောက်ယူနေပါတယ်။
တစ်ဘက်မှာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ PDF တွေကို လက်နက်စွန့်ခိုင်းပြီး နိုင် ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။
အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအပါအဝင် မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေအားလုံး အဆုံးသတ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က အောက်တိုဘာ ၇ ရက်နေ့မှာ အိတ်ဖွင့်ပေးစာကနေ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Reuters

