မော်လမြိုင် ၊ အောက်တိုဘာ ၁၀

နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သားပြည်သူ ၄၅၅ ဦး သေဆုံးပြီး ၈၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အ စီရင်ခံစာအရ သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ထုတ် အဲဒီအစီရင်ခံစာအရ အခုနှစ် မေလကနေ ဩဂုတ်လအထိ စစ်ကောင်စီကနေ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၈၂၀ ရှိခဲ့ပြီး ပျမ်းမျှအနေနဲ့ ၁ ရက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနည်းဆုံး ၇ ကြိမ် တိုက်ခိုက်ခဲ့တာပါ။

ဒါ့ကြောင့် လေးလအတွင်း အရပ်သားသေဆုံးထိခိုက်တာတွေရှိခဲ့တဲ့အပြင် အနည်းဆုံး ဘာသာရေးအဆောက်အအုံ ၆၁ ခု၊ စာသင်ကျောင်း ၂၈ ကျောင်းနဲ့ ဆေးရုံ၊ဆေးခန်း ၁၆ ခု ထိခိုက်ပျက်စီးခဲ့ပြီးပါတယ်။

ဒါ့အပြင် ပြည်သူပိုင်နေအိမ်တွေ ယာဉ်တွေ ကျွဲ ၊ နွား တိရိစ္ဆာန်တွေနဲ့ စိုက်ခင်းတွေ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပွားတဲ့ ဒေသတွေအဖြစ်ရခိုင်မှာ ၁၇၆ ကြိမ်၊ ရှမ်းမြောက်မှာ ၁၅၁ ကြိမ်၊ မန္တလေးမှာ ၁၃၂ ကြိမ်၊ ကချင်မှာ ၁၀၉ ကြိမ်၊ စစ်ကိုင်းမှာ ၇၁ ကြိမ်၊ မကွေးမှာ ၄၅ ကြိမ်၊ တနင်္သာရီနဲ့ ချင်းမှာ ၃၉ ကြိမ်စီ ရှိခဲ့ပါတယ်။

ဒါ့အပြင် ကရင်မှာ ၂၉ ကြိမ်၊ ပဲခူးမှာ ၉ ကြိမ်၊ ကရင်နီမှာ ၈ ကြိမ်၊ မွန်နဲ့ ရှမ်းတောင်မှာ ၆ ကြိမ်စီ ဖြစ်ပွားခဲ့ပြီး စုစု‌ပေါင်းကြိမ်ရေ ၁၃၂၁ ကြိမ်အထိ လေကြောင်းအသုံးပြုခဲ့တယ်လို့ အစီရင်ခံစာရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဓာတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုခဲ့တဲ့ ဖြစ်စဉ်အ နည်းဆုံး ၈ ကြိမ်ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ထုတ်ပြန်ပြောဆိုထားတယ်လို့ ဉာဏ်လင်းသစ်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် ဩဂုတ်အထိ စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက် ခိုက်မှုဖြစ်စဉ်ပေါင်း ၃၃၀၀ နီးပါးရှိခဲ့ပြီး အရပ်သား ၁၇၄၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၄၅၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

အစီရင်ခံစာပါ အချက်အလက်တွေကိုတော့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေက သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ကောက်ယူထားတာလို့ ဉာဏ်လင်းသစ်အဖွဲ့က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.