ပုလော၊ စက်တင်ဘာ ၉
တနင်္သာရီတိုင်း ပလမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ် တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ပလမြို့အနီး စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေစဉ် အဲဒီတပ်သားဟာ စစ်ဘေးရှောင်တွေနဲ့အတူလိုက်ပါလာပြီး အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ တပ်သားဟာ အသက် ၂၆ နှစ်အရွယ် ကိုစောသန်းဌေး မန္တလေးဇာတိဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံရပြီးနောက် စစ်ကိုင်းတိုင် ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ တက်ရောက်ခဲ့ရပါတယ်။
သင်တန်းပြီးနောက် ပုလောမြို့အခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းထံ ပို့ဆောင်ခဲ့ရပြီး ရှေ့တန်းသို့ စေလွှတ်ခံခဲ့ရတာပါ။
ထွက်ပြေးလာတဲ့ တပ်သားကို လတ်တလောမှာ နေထိုင်စားသောက်ရေးအတွက် ကူညီပေးထားပြီး ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ချိတ်ဆက်ကာ သူဆန္ဒအတိုင်းလုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
အာဏာသိမ်းကာလအတွင်း မြိတ်ခရိုင်တပ်ရင်း ၁ အဖွဲ့ထံ လာရောက်ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ရှိပြီး လာရောက်ခိုလှုံနေသူတွေထဲက စစ်ကောင်စီကို ပြန်တိုက်နေသူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF

