ဖာပွန်၊ စက်တင်ဘာ ၁၀

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကတိုင်တိဒေသထဲကို စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက စက်တင် ဘာလဆန်းပိုင်းကစပြီး တပ်အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားတာတွေ ဝင်ရောက်လုပ်ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF အင်အား ၁၀၀ ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကတိုင်တိကျေးရွာထဲကို ကမမောင်းမြို့ကနေတစ်ဆင့် ဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ကတိုင်တိကျေးရွာကနေ ကျော်လွန်လာပြီး ဖာပွန်ဘက်ကိုဆက်ပြီး တက်လာမယ်ဆိုပါက တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနိုင်တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

အင်အား ၁၀၀ ကျော်နဲ့ ရောက်လာတဲ့ စစ်ကောင်စီနဲ့ BGF တပ်ဟာ KNLA ပူးပေါင်းအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဖာပွန်မြို့ဘက်ကို စစ်ရေးထောက်ကူပေးဖို့ မလုပ်ဆောင်နိုင်ပေမယ့် ပူးပေါင်းအဖွဲ့တွေ စိတ်အနှောင့် အယှက်ဖြစ်ဖို့အတွက် အဝေးကနေသာ စစ်ရေးလှုပ်ရှားတဲ့သဘောမျိုးသာ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက သုံးသပ်ပါတယ်။

ကတိုင်တိကျေးရွာအတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ နယ်ခြားစောင့်တပ် BGF တပ်ရင်းဌာန ချုပ်တစ်ခုတည်ရှိပြီး ကတိုင်တိကနေ အထက်ဘက် မိုင် ၄၀ ကျော်အကွာမှာတော့ ဖာပွန်မြို့တည်ရှိတာဖြစ်ပါတယ်။

ဖာပွန်အခြေချစစ်ဗျူဟာနဲ့ တပ်ရင်းစခန်းတွေကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ဆက်လက်ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ခံရတဲ့ ဗျူဟာစခန်းတွေရဲ့ ရိက္ခာအတွက် လေကြောင်းကနေသာ အားကိုးအသုံးပြုနေရတာဖြစ်ပါတယ်။

KNU ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ဩဂုတ်လ တစ်လအတွင်း KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၅၀ နီးပါး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ တပ်မဟာ ၅ ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.