ဘီးလင်း၊ စက်တင်ဘာ ၁၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအ ပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ တံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် မနက် ၁၁ နာရီအချိန်ခန့်မှာလည်း ဘီးလင်းမြို့နယ် တောင်ကလေကျေးရွာအနီးက မစောတံတားစောင့်တဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ထပ်မံတိုက်ခိုက်ရာကနေ အချိန် ၃ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ၊ PDF ပူပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် မော်လမြိုင် – ရန်ကုန်ကားလမ်း အချိန် ၃ နာရီကျော်ကြာပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့ လည် ၂ နာရီခွဲလောက်မှာသာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် သပြေနီကျေးရွာနဲ့အလူးလေးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ဘီးလင်းမြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းကစပြီး နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေပြီး စစ်ကောင်စီဘက်က နေ့ရောညပါ လက်နက် ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.