ကွတ်ခိုင်၊ သြဂုတ် ၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို မနေ့ သြဂုတ် ၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်မံကြဲချသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲမှုဟာ ကွတ်ခိုင်ဗျူဟာကုန်းအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးတချို့ ထိခိုက် ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
အဲဒီနေ့မှာလည်း TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် ရေဖြူကျေးရွာကို စစ်ကောင်စီတပ် စစ် ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ တစ်ရက်တည်း ကွတ်ခိုင်မြို့ကို လေကြောင်းတိုက် ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ခံ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကွတ်ခိုင်မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်တပ်လော်ဘီတွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို မြေကြီးပဲကျန်အောင် ဗုံးကြဲပေးဖို့ လှုံ့ဆော်တာတွေ ရှိနေပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး မစတင်မီ စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အကြိမ်ရေ ၂၀၀၀ ကျော်ရှိခဲ့ရာကနေ စစ်ဆင်ရေးအလွန် ကိုးလတာအတွင်း အကြိမ်ရေ ၃၈၀၀ ထက်မနည်း တိုးလာခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA

