ဘီးလင်း ၊ အောက်တိုဘာ ၁၅

မွန်ပြည်နယ်မှာ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကြောင့် အပူချိန် ပြင်းထန်ပြီး အပူလျှပ်ခြင်း Heat Stroke ဖြစ်ကာ သေဆုံးသူ ၅ ဦး အထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း စူပါအယ်လ်နီညိုကြောင့် အပူလျှပ်ခြင်း Heat Stroke ကြောင့် ဘီးလင်းမြို့နယ်မှာ လေးဦး ၊ သထုံမြို့နယ်မှာ တစ်ဦး သေဆုံးထားပါတယ်။

အပူလျှပ်ခြင်း Heat Stroke ဖြစ်ကာ သေဆုံးသွားသူတွေထဲမှာတော့ နေ့အပူချိန် ပြင်းထန်ချိန် အရက်သေစာ သောက်စားထားသူတချို့ ပါဝင်သလို လမ်းသွားရင် လဲကျကာ သေဆုံးသွားရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဘီလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အပူဒဏ်ကြောင့် သေဆုံးသူ အများစုဟာ အရက်သေစား သောက်စားသူတွေအပါအဝင် လူငယ်ပိုင်းတွေပါ ပါဝင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိ အနေအထားကတော့ ဦးနှောက် အာရုံကြောပြတ်ပြီး သေတာ လေးယောက် ရှိသွားပြီ။ စည်ပင်ကွေ့မှာ တစ်ယောက် အရက်သောက် ပြီးတော့ ပြစ်လဲတာ၊ နောက်တစ်ယောက်က ခရေ စားသောက်ဆိုင်ရှေ့မှာ တစ်ယောက်၊ သူလည်း အရက်မူးပြီး ပစ်လဲတာ၊ နောက်တစ်ယောက်က ကောင်မလေး သူက စက်ဘီးနဲ့ သွားရင်းနဲ့ လဲကျသေဆုံးသွားတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံ အများစုဟာ နေ့စဉ် စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားမှ စားသောက်ရတာ ဖြစ်တာကြောင့် စစ်အစိုးရက အပူရှောင်စခန်းတွေ လိုက်လံ ဖွင့်လှစ် နေပေမယ့် ဘယ်သူမှ အပူရှောင် စခန်းတွေမှာ အနားယူနိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကြောင့် အပူချိန် ပြင်းထန်ပြီး သေဆုံးမှု မရှိဖို့ အတွက်ဆိုရင် အပူရှောင်စခန်း ဖွင့်တာထက် နေအိမ်တွေမှာ နေထိုင်တဲ့ အသက်ကြီးပိုင်းနဲ့ ကလေးသူငယ်တွေအတွက် အပူချိန် လျော့ကျဖို့ လျှပ်စစ်မီး ပိုမို ရရှိအောင် လုပ်ဆောင် ပေးသင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ကတော့ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကို ရင်ဆိုင်ဖို့ အတွက်ဆိုကာ ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း တွေမှာ အပူရှောင် စခန်းတွေ ဖွင့်လှစ်ဖို့ ညွှန်ကြားထားတာပါ။

လက်ရှိ ဒေသတွင်းမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ထားပေမယ့် ဒေသခံ အများစုကတော့ မိမိတို့ရဲ့ နေအိမ်တွေမှာ နေထိုင်ကြသလို တချို့တွေအနေနဲ့ လုပ်ငန်းခွင်တွေမှာသာ ရှိနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မိုးဇလရဲ့ အောက်တိုဘာလအတွင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်ရဲ့ အပူချိန်ဟာ အမြင့်ဆုံး အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ပြီး အပူချိန် ထပ်မံမြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.