ထားဝယ် ၊ အောက်တိုဘာ ၁၅
လက်ရှိ စစ်အစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေ မြို့ခံတွေ အသေးစား အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့မှုအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေကို သူက ပြောကြားခဲ့တာပါ။
သူ့အနေနဲ့ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း တနင်္သာရီတိုင်းကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိတာဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေနဲ့ ပတ်သက်လို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်ဖို့ လာရောက်ခဲ့တာလို့ ဆိုပါတယ်။
တနင်္သာရီတိုင်းအနေနဲ့ ရေခံမြေခံ အရင်းအမြစ်ကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် နိုင်ငံရေးအရ လှုံ့ဆော်မှုတွေကြောင့် တချို့နေရာတွေမှာ လုံခြုံရေးအရ အားနည်းချက်တွေနဲ့ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ကန့်သတ်ချက်တွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
ဒါဟာ ဒေသနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့ နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချနေကြတဲ့ ပြည်ဖျက်မီဒီယာတွေ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ စကားတွေကြောင့်လို့ ဦးမင်းအောင်လှိုင်က အပြစ်တင်စွပ်စွဲထားတာပါ။
ဒီအပေါ် နားယောင်ပြီး အကောင်းအဆိုးနဲ့ အကြောင်းအကျိုးကို ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း မရှိတာက ပညာရေးအရ အားနည်းချက်တွေ ရှိခဲ့တဲ့ အကျိုးဆက်ဖြစ်လို့ ပညာရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေ လုပ်ဆောင်သွားရမယ်လို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ မအောင်မြင်မှုတွေ မူဝါဒအလွဲတွေကို အကွက်ကျကျ ထောက်ပြနေတဲ့ မီဒီယာတွေကို ရန်သူလို အပြစ်ပုံချတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိက ပြောချင်တာတော့ (မင်းအောင်လှိုင်) သူ့ရဲ့ မအောင်မြင်မှုတွေ ကျရှုံးမှုတွေ မူဝါဒအလွဲအမှားတွေကို တစ်ယောက်ယောက်ကို ပုံချဖို့ နောက်ပိုင်း မီဒီယာတွေကို အထူးသဖြင့်တော့ အခု ထားဝယ်လိုဟာမျိုးမှာ အပြစ်ပုံချလာတာလို့ပဲ ပြောပါရစေ။ ရှေ့လျှောက်လည်း သူ့ရဲ့ အမှားတွေ မအောင်မြင်မှုတွေနဲ့ မီဒီယာကို ရန်သူလိုမျိုး ထပ်ပြီးတော့ ဆက်ဆံမယ့် ပုံစံတွေ တွေ့နေရတယ်။ မတရားတဲ့ ဥပဒေတွေ ပြတာ၊ သတင်းမီဒီယာတိုက်တွေအပေါ် မှာ လုံးဝ အကောင်းမမြင်အောင် ပြည်သူတွေနဲ့ ရန်တိုက်ပေးတာ။ နောက်တစ်ခု သူတို့ရဲ့ Psywar (စိတ်ဓာတ်စစ်ဆင်ရေး) ကလည်း ပြည်သူတွေက (အယုံအကြည်မရှိ) မတုံးကြတော့ဘူးလေ”လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတ ရာထူးကို ၆ လနီးပါးကြာ ရယူထားပြီးဖြစ်ပေမယ့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ဘာတစ်ခုမှ အောင်မြင်တာ မရှိသေးသလို မီဒီယာတွေကိုလည်း ခပ်စိပ်စိပ် တိုက်ခိုက်လာနေတယ်လို့ သူက ဆက်ပြောပါတယ်။
အထူးသဖြင့် ကိုယ်တိုင်ခန့် သမ္မတကို အင်တာဗျုးမေးမြန်းခဲ့တဲ့ TIME မဂ္ဂဇင်းက သတင်းထောက်ကို အမည်ပျက်စာရင်းသွင်းတာနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကိုလည်း နိုင်ငံတကာရဲတပ်ဖွဲ့ကနေတဆင့် ဖမ်းခိုင်းတဲ့အထိ လုပ်လာတယ်လို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။
၂၀၂၁ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့လို့ တာဝန်ရှိသူတွေ မဖြေရှင်းပေးခဲ့တဲ့အတွက် စစ်တပ်က နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့ရတဲ့ ဇာတ်ညွန်းဟောင်းကိုလည်း ဦးမင်းအောင်လှိုင်က ထားဝယ်ခရီးစဉ်မှာ ဖွင့်ဟပြန်ပါတယ်။
အဲဒီအချိန်က နိုင်ငံရေးအရ သဘောထား မတိုက်ခိုက်မှုတွေကနေတဆင့် ဆူပူမှုတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အားပေးထောက်ပံ့မှုနဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး တိုင်းပြည်ကို ဖျက်ဆီးလာခဲ့ကြတယ်လို့ စွပ်စွဲအပြစ်ဖို့ထားတာပါ။
သူတို့ စစ်တပ်အနေနဲ့ အခက်အခဲ အကြပ်အတည်းမျိုးစုံကို ရနိုင်သလောက် အင်အားစုတွေ၊ တာဝန်သိပြည်သူတွေနဲ့ သစ္စာရှိဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ကြိုးစားရုန်းကန်ပြီး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှုအတွင်း နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ၊ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ရပ်တွေ၊ COVID-19 ကပ်ရောဂါ အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ဦးမင်းအောင်လှိုင်က ရည်ညွှန်းပြီး ပြောကြားခဲ့တာပါ။
ဒါ့အပြင် လက်ရှိမှာ အထွေထွေရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရတို့ တာဝန်ယူ လုပ်ဆောင်နေပြီး သူတို့ အစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ဦးစားပေး အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။
မွန်ပြည်နယ် ဒေသခံတစ်ဦးက အာဏာသိမ်းမှုအတွင်း ဘာတစ်ခုမှ အဖတ်တင်တာ မရှိသလို လက်ရှိမှာလည်း ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရတာမို့ စစ်အစိုးရဘက်က အပြောပဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့လုပ်တဲ့ဟာက ဘာမှလည်း အဖတ်မတင်ပါဘူး။ သူတို့ လုပ်တာက ဒီ (စစ်အာဏာသိမ်းမှု) ၅ နှစ်အတွင်း သူတို့ ပြောတော့ ပြောတာပဲ အပြောပဲရှိတယ်လေ။ လက်ရှိမှာ အောက်ခြေက ပြည်သူလူလူထုကျတော့ (ကြီးမြင့်တဲ့) ဈေးနှုန်းတွေ ဘာညာ အကုန်လုံး ခြံသမားကစ အလုပ်သမားတွေလည်း ဈေးတက်ရင် အခုတလော တောခုတ်ရတာတို့ ရေတင်ရတာတို့ ရင်းရတာက (ကြီးမြင့်နေတဲ့ စက်သုံးဆီ) ဆီတစ်ပိုင်းပဲ ရှိသေးတယ်။ ကျန်တဲ့အပိုင်း ကယ်ဆယ်ရေးတို့ ဘာညာတို့လည်း သူတို့က (စစ်အစိုးရရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ) ဗန်းပြလောက်ပဲ သူတို့ လုပ်ပေးနိုင်တာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းရှိ ပေါများလွန်းတဲ့ စစ်ဆေးရေးဂိတ်တွေရဲ့ ဆက်ကြေးတောင်းခံမှုတွေကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အတွက် မြင့်တက်နေတဲ့ ကုန်ဈေးနှန်းတွေကို လျော့ချနိုင်ဖို့ကလည်း မလွယ်ကူဘူးလို့ သူက ထောက်ပြပါတယ်။
တစ်ဘက်မှာတော့ သွင်းကုန်တွေကို ကန့်သတ်ထားတဲ့အပေါ် ထိုင်းနိုင်ငံကနေတဆင့် နယ်စပ်ကို ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်မှုအကြောင်းပြချက်နဲ့ ဖမ်းဆီးနေတာတွေကြောင့် ပြည်သူတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။
စစ်အစိုးရခန့် အလုပ်သမားဝန်ကြီး ဦးမောင်မြင့်ကလည်း နိုင်ငံတည်ငြိမ်ရေးနဲ့ စီးပွားရေးတည်ငြိမ်ရေးကို တစ်ပြိုင်နက် ထိန်းသိမ်းနေရလို့ စီမံခန့်ခွဲမှုအဆင့်မှာ အမှားအယွင်းတချို့ရှိနေလို့ ဈေးကြီးတာတွေ ရှိနိုင်တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံထားတာပါ။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၈ ရာခိုင်နှုန်း တနည်းအားဖြင့် ၃၇ သန်းကျော်ဟာ ဘက်ပေါင်းစုံကနေ ဆင်းရဲမွဲတေမှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
နှစ်ရှည် ကြာမြင့်လာတဲ့ ပဋိပက္ခတွေ ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြိုလဲလာတဲ့ အခြေအနေလို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

