ဘီးလင်း၊ အောက်တိုဘာ ၁၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ အာဏာသိမ်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၃ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဘီးလင်းအခြေစိုက် အမှတ် ၃ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ အလူးကြီးကျေးရွာထဲကို လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အလူးကြီးကျေးရွာနေ အသက် ၆၀ ကျော်အရွယ် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသား နှစ်ဦး ၊ စုစုပေါင်း အရပ်သားပြည်သူ ၅ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသား နှစ်ဦး၊ အသက် ၃၅ နှစ်ကနေ ၄၀ ကြား အမျိုးသမီး လေးဦး၊ စုစုပေါင်း အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အာဏာသိမ်း စစ်တပ်ဟာ အလူးကြီးကျေးရွာကို လက်နက်ကြီး မပစ်ခတ်မီ လေကြောင်းကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲသွားခဲ့ပြီး ကျေးရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အလူးကြီးကျေးရွာ ဒေသခံ အများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်ခံရတဲ့ အလူးကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေဖြစ်ပြီး ကရင်လူမျိုး အများဆုံး နေထိုင်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း KNU သထုံခရိုင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာ လေကြောင်းဗုံးကြဲခံရတာကြောင့် နေအိမ် ၃၈ လုံးနဲ့စာသင်ကျောင်းဆောင် ၄ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

