မော်လမြိုင် ၊ အောက်တိုဘာ ၁၄
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၉ အထိ လူငယ် ၆၀၀၀ ကျော် စစ်သားစုဆောင်းခံထားရတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
နိုင်ငံတဝန်း ခုခံတော်လှန်စစ်ကြောင့် တပ်သားအင်အားပြုန်းတီးမှုကို ရင်ဆိုင်ခဲ့ရတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့တာပါ။
စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက် အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်နယ်မှာ လစဉ်စစ်မှုထမ်း သင်တန်းတွေ ဖွင့်လှစ်ခဲ့ကာ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ စစ်မှုထမ်း အပတ်စဉ် ၂၉ သင်တန်းကို ဖွင့်လှစ်ခဲ့တာပါ။
စစ်မှုထမ်း အပတ်စဉ် ၂၉ အတွက် ဒေသတွင်းက လူငယ် ၂၁၅ ဦး စစ်သားစုဆောင်းခံခဲ့ရပြီး စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ အများစုဟာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် အနည်းဆုံး လူငယ် ၂၀၀ ထက်မနည်း တပ်သားစုဆောင်းခဲ့ပါတယ်။
စစ်မှုထမ်း တပ်သားစုဆောင်းခံရတဲ့ လူငယ်အများစုဟာ အလုပ်သွား အလုပ်ပြန် ဖမ်းဆီးခံရသူတွေ၊ ညအချိန် အပြင်ထွက် သွားလာသူတွေ၊ ဒေသန္တရ အမိန့် ဖောက်ဖျက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး ခံရသူတွေအပြင် နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ လစဉ်စစ်မှုထမ်း တပ်သားစုဆောင်းမှုကြောင့် ဒေသတွင်းက လူငယ်တွေဟာ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ဆက်ရှိနေပြီး ဒေသတွင်းမှာ အလုပ်သမား ရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

