နေပြည်တော် ၊ အောက်တိုဘာ ၁၄

အာဏာသိမ်းစစ်တပ်အနေနဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖွဲ့စည်းပြီး ၆ လပြည့်ခါနီးမှာ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ အပါအဝင် အရပ်ဘက် စစ်ဘက် ထိပ်ပိုင်းရာထူးတွေကို အပြောင်းအလဲလုပ်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီးနောက်ပိုင်း အရပ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူးတွေနဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သမ္မတရုံးကနေ အမိန့်တွေ ဆက်တိုက် ထွက်ပေါ်လာတာပါ။

ဒါ့အပြင် စစ်တပ်တွင်းမှာလည်း လစ်လပ်သွားတဲ့ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအပါအဝင် တိုင်းစစ်ဌာနချုပ်တချို့က တိုင်းမှူးတွေနဲ့ ခြေမြန်တပ်မဌာနချုပ်က တပ်မမှူးတချို့အပြင် စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူးတွေကိုလည်း အပြောင်းအလဲလုပ်လာတယ်လို့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်အစိုးရရဲ့ သမ္မတရုံးကနေ ထုတ်ပြန်ထားတဲ့ အမိန့်တွေအရ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနဲ့ ဒုဝန်ကြီး ဒေါက်တာအေးထွန်း၊ ပညာရေးဒုဝန်ကြီး ဒေါက်တာဇော်မြင့် အပါအဝင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်ကို တာဝန်ကနေ အနားပေးခဲ့တာပါ။

ဒါကြောင့် လစ်လပ်သွားတဲ့ ကျန်းမာရေးဝန်ကြီးနေရာမှာ လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာစိုးဝင်းကို ခန့်အပ်တာဝန်ပေးခဲ့သလို ကျန်မားရေး၊ ပညာရေး၊ အလုပ်သမား ၊ အမျိုးသမီးရေးရာနဲ့ အားကစားရေးရာ ဒုဝန်ကြီးတွေကိုလည်း အစားထိုးခန့်အပ်ထားတာပါ။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဒုဝန်ကြီး နှစ်ဦးကိုလည်း ပြောင်းလဲထားသလို အားကစားရေးရာ ဒုဝန်ကြီးနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် တစ်ဦးကိုလည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေးကော်မရှင် အဖွဲ့ဝင်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးကိုလည်း အစားထိုးခန့်အပ်ထားပြီး နေပြည်တော်ကောင်စီဝင်နဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်တို့ကိုလည်း အလုပ်သမားနဲ့ အမျိုးသမီးရေးရာက ဒုဝန်ကြီး နှစ်ဦးနဲ့ ပြောင်းလဲတာဝန်ပေးထားတာပပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး နှစ်ဦးနဲ့ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးတစ်ဦးကိုလည်း အစားထိုးခန့်အပ်ခဲ့တယ်လို့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လက်မှတ်နဲ့ အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်က သမ္မတရုံးကနေ အမိန့်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဘက်မှာတော့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အစားထိုးဖို့နဲ့ လူ/ကယ်/ပြန် ဝန်ကြီးနေရာအဖြစ် ဒေါက်တာ ကိုကိုလွင်တို့ကို ခန့်အပ်အတည်ပြုနိုင်ဖို့ ကိုယ်တိုင်ခန့် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ အမည်စာရင်းပေးပို့ထားတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်အစိုးရဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အနေအထားတစ်ခုကို ရောက်ရှိသွားတာ ဖြစ်နိုင်သလို တပ်ချုပ်ကို ပြန်လည်ထိန်းကျောင်းဖို့ ကာကွယ်ရေးဝန်ကြီးကို အစားထိုးတာလို့ သုံးသပ်ပါတယ်။

“ရာပြည့် ခေါင်းဆောင်တဲ့ NSPNC အဖွဲ့ပေါ့နော်။ ဒီအဖွဲ့က အောင်မြင်တဲ့အနေအထား သူတို့လိုချင်တဲ့ အနေအထားတစ်ရပ်ကို ရောက်သွားတယ်လို့ ခန့်မှန်းရတယ်။ ဒါကြောင့်လည်း အရန်ရအောင် ထားထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေးဝန်ကြီး ခန့်လိုက်တဲ့ သဘောပေါ့။ ပြီးရင် တနည်းအားဖြင့် တပ်ချုပ် ရဲဝင်းဦးကို သူ့ထက် ၈ နှစ်လောက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေးဝန်ကြီးလုပ်ခိုင်းပြီးတော့ တပ်ချုပ်ကို ပြန်ပြီး ထိန်းကျောင်းထားတဲ့ အနေအထားမျိုးလို့ ကျွန်တော်တို့ မြင်တယ်ဗျ”လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ က သင်တန်းဆင်းခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းကာလအတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

လက်ရှိမှာ စစ်အစိုးရ ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီမှာ အတွင်းရေးမှူး၊ လုပ်ငန်းကော်မတီမှာ ဒုဥက္ကဋ္ဌနဲ့ ညှိနှိုင်းရေးကော်မတီ NSPNC မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာပါ။

စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အဖြစ် ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်အရ လောဆယ်အထိ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ EAO တွေအပြင် တိုက်ပွဲဖြစ်ခဲ့တဲ့ ကိုးကန်တပ်နဲ့ တအာင်းတပ်တို့ကိုလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

CDM တပ်အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ အပြောင်းအလဲလုပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူးတွေထဲမှာတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်သန်းထိုက်ကို ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာပါ။

လစ်လပ်သွားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နေရာမှာတော့ လေ့ကျင့်ရေးအရာရှိချုပ် ပြည့်စုံလင်းကို ခန့်အပ်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်ကို လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ပြီး အစားထိုးအနေနဲ့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်ကိုနိုင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး အဲဒီက တိုင်းမှူးကိုတော့ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ခန့်အပ်ခဲ့သလို အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးကိုတော့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ပြောင်းလဲခန့်အပ်မှုတွေဟာ စစ်ရေးအရ အမြတ်ထွက်နိုင်တဲ့ သူတွေကို ရာထူးတိုးပေးတာတွေ ရှိတဲ့အတွက် စစ်ခေါင်းဆောင် တစ်ဖြစ်လည်း ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေနဲ့ပဲ တစ်ဆင့်ချင်း ဆွဲတင်သွားတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.