မော်လမြိုင် ၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တစ်ရက်လျှင် ၈ နာရီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေပေးနေပေမယ့် ဓာတ်အားရရှိမှုအပေါ် မူတည်ပြီး လျှပ်စစ်မီးရရှိချိန် လျော့နည်းနိုင်တယ်လို့ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနက ကြေညာပါတယ်။

မော်လမြိုင်မြို့မှာ လျှပ်စစ်မီးဖြန့်ဝေပေးဖို့ A1,A2,B1နဲ့ B2 ဆိုပြီး အုပ်စု ၄ အုပ်စုခွဲထားကာ လျှပ်စစ်မီးပေးချိန်အနေနဲ့ ၂ နာရီပေး ၆ နာရီ ဖြတ်၊ ၄ နာရီပေး ၆ နာရီ ဖြတ်နဲ့ ၂ နာရီပေး ၄ နာရီဖြတ် စနစ် ကျင့်သုံးနေတာပါ။

ဒါ့အပြင် ဓာတ်အားခွဲတမ်းရရှိမှုအပေါ် မူတည်ပြီး A1 နဲ့ A2 အုပ်စုကို တစ်ချိန်တည်း ဒါမှမဟုတ် B1နဲ့ B2 ကို တစ်ချိန်တည်း ဓာတ်အား ပိုပေးမှာ ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဓာတ်အားထိန်းညှိကွပ်ကဲရေးဌာနက အရေးပေါ် ဝန်အားလျော့တာတွေ ရှိလာပါက လက်ရှိ ဓာတ်အား ရရှိမှုအောက် လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ခံ တစ်ဦးကတော့ လျှပ်စစ်ဌာနက ၂ နာရီပေး ၆ နာရီ ပြတ်မယ်လို့ ပြောပေမယ့် ပြတ်ချင်သလို ပြတ်နေတဲ့ အပြင် သတ်မှတ်အချိန်လည်း အပြည့်အဝ မရတဲ့အတွက် ဘာမှ မျှော်လင့်ချက် မထားတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူက ကြေညာချက်ကတော့ ၂ နာရီ ပေးမယ် ၆ နာရီ ပြတ်မယ် ဆိုတာက ပြောတာက ပြောတာပဲ။ ဒါပေမယ့် ပြတ်ချင်သလို ပြတ်နေတယ်။ ပြည်သူတွေက ရှင်းရှင်းပြောရင် ခံစားချက် မဲ့လာကုန်ပြီ။ အခုလည်း ၂ နာရီ သူမီးပေးမယ် ပြောတယ်၊ ကျွန်တော်တို့ဘက်မှာ ၁ နာရီတောင် မပြည့်ဘူး၊ မီးက ပြတ်သွား ပြန်ပြီ။ဘာမှ မျှော်လင့်ချက် မထားတော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ လျှပ်စစ်ဌာနက လျှပ်စစ်မီး ပေးချိန်တွေကို ဇယားနဲ့ ထုတ်ပြန် ထားပေမယ့် မြေပြင် အခြေအနေမှာတော့ ပေးချင်တဲ့ အချိန်ပေး ပြတ်ချင်တဲ့ အချိန် ပြတ်နေတာကြောင့် ဒီဇယားနဲ့ အလုပ်လုပ်လို့ မရနေဘူးလို့ သူက ဆက်ပြောပါတယ်။

လျှပ်စစ်မီးကို တစ်နေ့ ၈ နာရီ ပေးသွားမယ်လို့ မြို့နယ်လျှပ်စစ်ဌာနက ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ တချို့ ရက်တွေမှာ တစ်ရက်ကို ၅ နာရီကနေ ၆ နာရီဝန်းကျင်လောက်သာ ရရှိနေတာပါ။

လျှပ်စစ်မီး ရရှိမှု နည်းပါးလာတာကြောင့် ဒေသတွင်းက တစ်နိုင်တစ်ပိုင်း လုပ်ငန်းတွေအပြင် အသေးစား၊ အလတ်စားနဲ့ အကြီးစား လုပ်ငန်းတွေကအစ ထိခိုက်မှုတွေ ရှိလာပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ်တွေ မြင့်တက် လာနေတာ ဖြစ်ပါတယ်။

စစ်အစိုးရကတော့ အယ်နီညိုကြောင့် အပူချိန်တွေမြင့်မားလာပြီး ဓာတ်အားသုံးစွဲမှု မြင့်တက်လာတာ၊ ဓာတ်အား လိုအပ်ချက် တိုးလာတာကြောင့် လျှပ်စစ်မီးကို အလှည့်ကျသာ ဖြန့်ဝေနိုင်တော့မယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.