မကွေး အောက်တိုဘာ ၁၃

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာကို အာဏာသိမ်းစစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ သရက် ကပစ ၁၂ ကနေ ပျံတက်လာတဲ့ ပါရာမော်တာနှစ်စီးဟာ မဲဇလီကျေးရွာကို ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၄၀ အရွယ် ကိုစည်သူ သေဆုံးခဲ့ရပြီး နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ အောက်တိုဘာ ၈ ရက်ကနေ ၁၂ ရက်အတွင်း နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ပါဝင်မှု အားနည်းသွားစေဖို့နဲ့ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ ရည်ရွယ်ချက်ကတော့ တော်လှန်ရေးမှာ ပြည်သူတွေအနေနဲ့ အကြောက်တရားဖြစ်ပေါ်အောင်၊ အားနည်းအောင် ရည်ရွယ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်” လို့ ကိုမြတ်က ပြောဆိုပါတယ်။

စစ်တပ်က အခုလို ပါရာမော်တာတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ချင်းနစ်၊ ဇွန်းကျနဲ့ မဲဇလီကျေးရွာတွေဟာ စစ်တပ်စစ်ကြောင်းတွေ ရောက်ရှိနေတဲ့ ရခိုင်ရိုးမအစပ်နဲ့ အလှမ်းဝေးတဲ့ နေရာတွေဖြစ်တယ်လို့လည်း သိရပါတယ်။

မဲဇလီကျေးရွာဟာ မင်းတုန်းမြို့အနီး ပုသိမ်-မုံရွာလမ်းပိုင်းမှာ တည်ရှိပြီး ချင်းနစ်ကျေးရွာကတော့ အဲဒီလမ်းပိုင်းရဲ့ အရှေ့ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်၊ ချင်းနစ်ကျေးရွာကို အာဏာသိမ်း စစ်တပ်က ပါရာမော်တာ သုံးစီးနဲ့ ဗုံး ၉ လုံး ကြဲချခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မင်းတုန်းမြို့နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.